အာဏာသိမ်းပြီးနောက်ပိုင်း KIA နဲ့စစ်ကောင်စီတပ်တွေဖြစ်တဲ့တိုက်ပွဲတချို့မှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် AA စစ်သည်တွေနဲ့ရှေ့ တန်းထိလိုက်ပြီးအနီးကပ်ကွပ်ကဲ တိုက်ခိုက်ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။
လွတ်မြောက်နယ်မြေမှ ဝါရင့်သတင်းထောက်တစ်ဦးရေးသားသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ၂၀၂၁
KNU/KNLA နဲ့စစ်ကောင်စီတပ်တို့ လေးကေ့ကော်မှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာပဲ စစ်ကောင်စီ ကိုယ်စားလှယ် တွေဟာ မြောက်ပိုင်း မှာအခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ဆွေးနွေးနေချိန်ဖြစ် ပါတယ်။ ဆွေးနွေးတဲ့နေရာကတော့ မိုင်းလားမြို့မှာပါ။ ဆွေးနွေးပွဲကနေ ဘာရလဒ်မှ မထွက်ခဲ့ပေမဲ့ ဆွေးနွေးပွဲ အကြောင်းကြားသိခဲ့ရသူတွေကြားမှာတော့ ပြောစမှတ်တခုဖြစ်လာခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို KIA အဖွဲ့ကလွဲလို့ကျန်အဖွဲ့အားလုံးတက်ရောက်ခဲ့ပါတယ်။ စစ်ကောင်စီဖက်က ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်ဦးဆောင်ပြီးတက်ရောက်ခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ ထိပ်တန်းခေါင်းဆောင်တွေမတက်ရောက်ခဲ့ကြပါဘူး။ ရခိုင်တပ်တော် AA အဖွဲ့သာ ဒုတိယစစ်ဦးစီးချုပ်အဆင့်ရှိ ဒေါက်တာ ညိုထွန်းအောင်တယောက်ပဲတက်ရောက်လာတာပါ။
စစ်ကောင်စီအနေနဲ့အာဏာသိမ်းပြီးတဲ့အချိန်ကစလို့မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ဆွေးနွေးဖို့ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့လည်းအထမမြောက်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုကြောင့်သာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတွေ့ဖြစ်ခဲ့တာပါတယ်။
ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေအတွက်အဓိကဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့လည်း ဆွေးနွေး ပွဲမှာပါဝင်သူတချို့ကဆိုပါတယ်။ ဆွေးနွေးပွဲမှာထူးခြားတာကတော့ လက်ရှိစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ MNDAA လို့ခေါ်တဲ့ ကိုးကန့်အဖွဲ့ပါ။ ကိုးကန့်အဖွဲ့အနေနဲ့သူတို့စစ်ကောင်စီတပ်တွေနဲ့ သူတို့အဖွဲ့ တိုက်ပွဲဘယ်နှစ်ကြိမ်ဖြစ်နေတယ်ဆိုတာကိုသာဖတ်ပြခဲ့ပါတယ်။ အဲဒီလိုဖတ်ပြပြီးတာနဲ့ အစည်းအဝေးခန်းမ ထဲက ထွက်သွားခဲ့တယ်လို့ဆိုပါတယ်။
ဒုတိယထူးခြားချက်အနေနဲ့စစ်ကောင်စီအဖွဲ့ခေါင်းဆောင်တွေက AA အဖွဲ့ကိုယ်စားတက်ရောက်လာတဲ့ ဒေါက်တာ ညိုထွန်းအောင်ကို ဆက်ဆံတဲ့ပုံစံပါ။ စစ်ကောင်စီရဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးတွေက “ကိုညိုထွန်းအောင်” လို့ ခေါ်ဝေါ်သုံးစွဲတာဟာလဲထူးခြားချက်တခုဖြစ်လာနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်ချုပ်အဆင့်ရှိသူတွေကပင် အာဏာမသိမ်းခင်ထိ AA ခေါင်းဆောင်တွေကို နာမည်ရှေ့က “ကို” မထည့်ပဲ “ညိုထွန်းအောင်” တို့ကျော်ဟန်တို့ ခေါ်ဝေါ်ပြောဆိုခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲတွေမှာလည်း “ညိုထွန်းအောင်” လို့ပဲသုံးနှုန်းခဲ့ပါတယ်။ အေအေအဖွဲ့နဲ့ပတ်သက်လို့လည်း လက်နက်ကိုင်တပ်ဖွဲ့တခုလို သဘောမထားတဲ့ပြောဆိုမှုတွေများစွာပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း AA အဖွဲ့အနေနဲ့စစ်ကောင်စီတပ်တွေနဲ့၂ နှစ်နီးပါးတိုက်ပွဲဖြစ်ပြီးတဲ့နောက် ပြန်လည်တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီဖက်က AA အဖွဲ့ကိုလေးလေးစားစားဆက်ဆံလာတာတွေကိုတွေ့လာရပါ တယ်။
ဆွေးနွေးပွဲတွင်စစ်ကောင်စီဖက်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက “ကိုညိုထွန်းအောင်တို့ လိုတာပြောပါ။ အခုချက်ခြင်းမလုပ်ပေးနိုင်ရင်တောင် နောက်မှာတဖြည်းဖြည်းလုပ်ပေးပါ့မယ်” လို့ပြောဆိုမှုကြောင့်ဆွေးနွေး ပွဲမှာ ပါဝင်တဲ့တခြားသူတွေလဲ အံ့အားသင့်ခဲ့ရပါတယ်။
လက်နက်အင်အားလူအင်အားတောင့်တင်းလာတဲ့ အတွက်လည်းစစ်ကောင်စီဖက်က AA အဖွဲ့ကိုပြောဆို ဆက်ဆံတဲ့ပုံစံပြောင်းလာတာလို့လည်းတိုင်းရင်းသားအရေးလေ့လာသူတွေကဆိုပါတယ်။ ဒါ့အပြင် တိုက်ခိုက်စွမ်းရည်ကောင်းတဲ့ AA အဖွဲ့ကိုလည်း PDF အဖွဲ့တွေနဲ့ ပေါင်းစည်းမိသွားမှာကို စစ်ကောင်စီဖက်က အထူးစိုးရိမ်နေတာလည်းပါတယ်လို့လေ့လာသူတွေကဆိုပါတယ်။
လက်ရှိအချိန်ထိတော့ စစ်ကောင်စီ တပ်တွေနဲ့ KIA အဖွဲ့တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာတော့ AA အဖွဲ့အနေနဲ့KIA ဖက်က ကူတိုက်ပေးတာတွေရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း KIA နဲ့စစ်ကောင်စီတပ်တွေဖြစ်တဲ့တိုက်ပွဲတချို့မှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် AA စစ်သည်တွေနဲ့ရှေ့ တန်းထိလိုက်ပြီးအနီးကပ်ကွပ်ကဲ တိုက်ခိုက်ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။
အဲဒီအတွက်လည်း စစ်ကောင်စီတပ်သားတွေဟာ ကချင်စစ်မျက်နှာမှာ အထိအခိုက်အကျအဆုံးများ ခဲ့ပါတယ်။ ကချင်ပြည်နယ်အခြေစိုက်စစ်ကောင်စီတပ်တွေထဲကတချို့တပ်ရင်းတွေဟာ KIA တပ်စခန်းတချို့ ကိုတိုက်ခိုက်ဖို့အထက်ကအမိန့်ပေးတာကိုငြင်းဆန်လို့အရေးယူခံရတဲ့ တပ်ရင်းမှူးတွေရှိလာပါတယ်။
အဲဒီလိုအခြေအနေတွေရှိလာတဲ့အတွက်စစ်ကောင်စီအနေနဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရခိုင်တပ်မ တော်အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ဆက်ဆံရေးကောင်းဖို့ကြိုးစားလာတာပါ။ စစ်ကောင်စီအနေနဲ့အင်အားတောင့်တင်းတဲ့မြောက်ပိုင်းအဖွဲ့တွေနဲ့NUG သို့မဟုတ် PDF တို့နဲ့ပူးပေါင်းမိသွားမှာ ကိုစိုးရိမ်ခဲ့တာပါ။
PDF တွေနဲ့၀ သို့မဟုတ် မိုင်းလားအဖွဲ့တွေနဲ့သာ ဆက်ဆံရေးအဆင်ပြေသွားခဲ့ရင် လက်ရှိ PDF လိုအပ်နေတဲ့ လက်နက်ခဲယမ်းကိစ္စဟာ ပြေလည်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာမှာကို စစ် ကောင်စီက မလိုလားတဲ့အတွက်လည်း စစ်ကောင်စီကိုယ်စားလှယ်တွေဟာ မြောက်ပိုင်းအခြေစိုက်အဖွဲ့တွေနဲ့ဆက်ဆံရေးကောင်းဖို့ကြိုးစားလာတာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်တုန်းက စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်း နဝတအစိုးရဟာ ပြည်မကသူ့ကိုဆန့်ကျင်သူတွေ နဲ့KNU အဖွဲ့တွေကိုချေမှုန်းဖို့အတွက် တရုတ်အစိုးရရဲ့အကူအညီနဲ့မြောက်ပိုင်းအဖွဲ့တွေကြား အပစ်အခတ် ရပ်စဲရေးလုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီလို အပစ်အခတ်ရပ်စဲရေးလုပ်နိုင်တဲ့အတွက်လည်း ပြည်မက သူ့ကိုဆန့်ကျင်သူတွေနဲ့KNU ကိုစစ်ဆင်ရေးတွေလုပ်နိုင်ခဲ့တာပါ။
လက်ရှိမှာလဲ စစ်ကောင်စီအနေနဲ့ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး တွေမှာက သူ့ကိုဆန့်ကျင်နေတဲ့ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နှင်းနေရပါတယ်။ အထူးသဖြင့် ယခင်က သေနတ်သံမထွက်ဖူးတဲ့စစ်ကိုင်းတိုင်း၊ မကွေးနဲ့မန္တလေးတိုင်းဒေသကြီးက ပြည်သူတွေပါ စစ်ကောင်စီကို ရရာလက်နက်ဆွဲကိုင်တွန်းလှန်နေရပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီအနေနဲ့ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာပါ သူ့ကိုဆန့်ကျင်သူတွေပေါ်လာရင်သူ့အတွက် ကိုင်တွယ်နိုင်မှာ မဟုတ်တော့ပါဘူး။
စစ်ကောင်စီအနေနဲ့အာဏာမသိမ်းခင်ကတည်းကပင် NLD နဲ့တိုင်းရင်းသား အဖွဲ့တွေကြားညီညွတ်သွား မှာ အဆင်ပြေသွားမှာစိုးရိမ်ခဲ့တာပါ။ အဲဒီလို ဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက်လည်း NLD လက်ထက်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကို အဆင်မပြေအောင် ဆောင်ရွက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူပြီး အချက်တွေကိုတောင် ပြန်လည်ကန့်ကွက်တာ၊ NCA စာချုပ်အရ လုပ်ဆောင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်မပြုတာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့NLD ကြားဆက်ဆံရေးထိခိုက်စေမည့် သတင်းအမှားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိထုတ်ပြန်ခဲ့တာရှိခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ လက်နက်ကိုင်တပ်ဖွဲ့တွေကို ညွန်ကြားခွင့်အမိန့်ပေးခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က AA ကိုတိုက်ခိုင်းလို့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ခင်မင်ရင်းနှီးတဲ့သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ တာတွေရှိခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့NLD ကြားပေါင်းစည်းမှုဖြစ်မလာရေးကြိုးပမ်းခဲ့ပေ မဲ့မအောင်မြင်ခဲ့ပါဘူး။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ကိုဆန့်ကျင်တဲ့ ပြည်မမှာနေထိုင်သူ တွေကို AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကစောင့်ရှောက်ပေးတာ၊ သင်တန်းပေးတာတွေလုပ် ဆောင်ခဲ့ပါတယ်။ အခုဆိုရင် တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆိုရင် PDF တွေနဲ့ပေါင်းကာ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်နေပါပြီ။ စစ်ကောင်စီတပ်တွေအနေနဲ့လည်း အလူးအလဲ ခုခံနေရသည်။
ထိုကဲ့သို့သောအခြေအနေမှာ လက်နက်အင်အားလူအင်အားကောင်းတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့စစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့ကြားပူးပေါင်းမိသွားမှာစိုးရိမ်လာနေသည်။ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့PDF လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေကိုထောက်ပံ့ပေးမှာကို စစ်ကောင်စီက စိုးရိမ်လာနေသည်။
အဲဒီ အတွက်လည်းမြောက်ပိုင်းအဖွဲ့တွေကိုထိတွေ့လာပြီး ပြည်မက စစ်ကောင်စီကိုဆန့်ကျင်တဲ့သူတွေကို နှိမ်နှင်းပြီးတဲ့အထိ အဆင်ပြေရေး ကြိုစားလာတာဖြစ်ပါသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆွေးနွေးပွဲမှာ ဘာရလဒ်မှမထွက်ပေမဲ့ စစ်ကောင်စီဖက်ကတော့ ဖေဖော်ဝါရီလထဲ တရုတ်နိုင်ငံကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဖို့ချိန်းဆိုခဲ့ပါသေးတယ်။
သို့သော် စစ်ကောင်စီရဲ့ကြိုးပမ်းမှုက လက်တွေ့မှာ အလုပ်ဖြစ်မယ်မထင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုအနေနဲ့လည်း ပြည်သူနှင့်ဆန့်ကျင်ဖက်ဖြစ်နေသည့်အဖွဲ့နှင့်ပူးပေါင်းဖို့ ခက်ခဲပါလိမ့်မယ်။
စစ်ကောင်စီဖက်ကတော့ ပြည်မအပါအဝင် သူ့ကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကိုချေမှုန်းဖို့အင်အားတောင့်တင်းတဲ့မြောက်ပိုင်းအဖွဲ့တွေကို မျက်နှာချိုသွေးလာတာကိုတော့ ထင်ရှားလာနေပါတယ်။
Salween Press
ဓာတ်ပုံ - ပန်ဆန်းမြို့က ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကိုတွေ့ရစဉ်။ (Photos: Salween Press)
No comments:
Post a Comment