ကျွန်းလှ ကန်စွန်းအင်းရွာကို စကစ က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်၊ ရွာသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းအတွင်း စကစ သုံးနေသော  ရဟတ်ယာဉ်များနှင့် စစ်ကိုင်းတိုင်း စစ်ခေါင်းဆောင် ဖြိုးသန့်/ Photo - မုံရွာသတင်းမှန် ပြန်ကြားရေး

စစ်ကိုင်းတိုင်းတွင် သုံးရက်ဆက်တိုက် ရွာသုံးရွာကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်၊

 ဒီဇင်ဘာ - ၂၃

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကန်စွန်းအင်းရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ခြောက်စင်းဖြင့် ပစ်ခတ်ခဲ့ရာ ကနဦး သတင်းအရ ကျေးရွာစာသင်ကျောင်း ပျက်စီးပြီး ဒေသခံ ရွာသားတစ်ဦး သေဆုံးကြောင်း ကျွန်းလှတော်လှန်ရေး အင်အားစုများက MFP သို့ ပြောသည်။

ဒီဇင်ဘာ(၂၂)ရက် ညနေ(၃)နာရီဝန်းကျင်က ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာသို့ စကစ ရဟတ်ယာဉ် ခြောက်စင်း ရောက်ရှိလာပြီး  ရဟက်ယာဉ် လေးစီးက ကျေးရွာပေါ် ဝဲပျံကာ စက်သေနတ်များ၊ ရော့ကတ်များဖြင့် မိနစ်(၄၀)ကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း၊ အခြား ရဟတ်ယာဉ် နှစ်စီးက လက်နက်ကိုင် အင်အား (၁၀၀)ခန့် သယ်လာကာ ချပေးပြီး ကန်စွန်းအင်းရွာအတွင်း စီးနင်းဝင်ရောက် မွှေနှောက်နေသည်ဟု ဒေသခံများက ပြောသည်။

ကန်စွန်းအင်းကျေးရွာသို့ စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြု၍ ပစ်ခတ်ခဲ့ရာ ဒေသခံရွာသားတစ်ဦး သေဆုံးသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ကန်စွန်းအင်းကျေးရွာ စာသင်ကျောင်းကို အဓိကထားကာ ရဟတ်ယာဉ် လေးစီးဖြင့် ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ကျေးရွာ စာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဆရာ၊ဆရာမများ မရှိဘဲ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ စာသင်ကျောင်းအတွင်း ရှိနေသည်ဟု ယူဆရာ အထက်ပါအတိုင်း ပစ်ခတ်သလို ကျန် ရဟတ်ယာဉ် နှစ်စီးကလည်း လက်နက်ကိုင်များ ချပေးကာ ၀ိုင်းပတ်ပိတ်ဆို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများ သေဆုံး၊ထိခိုက်မှု အခြေအနေနှင့် ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီး လုယက်ခံရသည့် အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်များ ကန်စွန်းအင်းရွာအတွင်း စီးနင်းမွှေနှောက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ကန်စွန်းအင်းကျေးရွာသည် သဖန်းဆိပ်ဆည်၏ မြောက်ဘက်ခြမ်း၊ ကောလင်းမြို့နယ် အစပ်တွင် တည်ရှိသော ကျေးရွာဖြစ်ပြီး ကောလင်းဘက်မှ စကစများ ကျွန်းလှဘက်သို့ မဝင်မီ နယ်မြေရှင်းလင်းသည့် သဘောလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကောလင်းဘက်မှ ခြေလျင်ဝင်လာသော လက်နက်ကိုင်များနှင့် ရဟတ်ယာသ်ပေါ်မှ ချထားခဲ့သော စကစများ အပါအဝင် ကန်းစွန်းအင်းရွာဘက်တွင် စကစ လက်နက်ကိုင် အင်အား (၂၀၀)ကျော်အထိ ရှိနေကြောင်းနှင့် ဒေသတွင်း လူသတ်၊ ပစ္စည်းလုခြင်းများ ဆက်လက် လုပ်ဆောင်နိုင်ချေရှိသဖြင့် ဒေသခံများ သတိထား နေထိုင်ကြရန် ကျွန်းလှဒေသ တော်လှန်ရေး အင်အားစုများက သတိပေးထားသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်များ သုံးကာ ကျေးရွာများကို စီးနင်းပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေပြီး ဒီဇင်ဘာ(၂၀)ရက်က ရေဦးမြို့နယ် ရေမျက်ရွာ၊ ဒီဇင်ဘာ (၂၁)ရက်တွင် တန်ပဆည်မြို့နယ် လိပ်ခြံရွာနှင့် ဒီဇင်ဘာ(၂၂)ရက်တွင် ကျွန်းလှမြိုကနယ် ကန်းစွန်းအင်းရွာသို့ ရဟတ်ယာဉ် ငါးစင်းအထိ အသုံးပြုကာ ပစ်ခတ်သတ်ဖြတ် ဖျက်ဆီးခဲ့သည်။


Mandalay Free Press - MFP

ကျွန်းလှ ကန်စွန်းအင်းရွာကို စကစ က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်၊ ရွာသားတစ်ဦး သေဆုံး ကျွန်းလှ ကန်စွန်းအင်းရွာကို စကစ က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်၊ ရွာသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.