စကစ အကြမ်းဖက်များ ရွာအတွင်း ဝင်မွှေသောင်းကြမ်းနေသဖြင့် ထွက်ပြေးနေရသော နွားထိုးကြီးနယ် ဒေသခံများ/ Photo - နွားထိုးကြီးဂျာနယ် |
မြင်းခြံခရိုင်တွင် စကစများ သုံးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် ထင်တိုင်းကျဲ သောင်းကြမ်းနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊
MFP ၊ ဒီဇင်ဘာ - ၂၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမား (၆၀၀)ခန့်က ရွာစဉ်ပတ်မွှေ သောင်းကြမ်းနေပြီး ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - နွားထိုးကြီး PDF က MFP သို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများ နှစ်ရက်ဆက် တိုက်ခိုက်ခံရကာ ဗိုလ်မှူးအဆင့်အပါအဝင် စကစ (၁၁)ဦးခန့် သေပြီးနောက် နွားထိုးကြီးနယ်အတွင်း အင်အား(၆၀၀)ခန့် တပ်ဖြန့်ကာ တောနင်းရှာဖွေခြင်း၊ ကျေးရွာများသို့ ဝင်မွှေခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ခိုးယူလုယက်ခြင်းများ လုပ်ဆောင်နေသည်ဟု နွားထိုးကြီး PDF က ဆိုသည်။
"ရွာသားတွေကို နှိပ်စက်ညှင်းပန်းတာတွေ ရှိတယ်။ အခုလောလောဆယ် သူတို့ တပ်ဖြန့်ထားတာ အင်အား ၆၀၀ လောက်ရှိတယ်။ လက်ဝဲကျေးရွာဘက်မှာ အင်အား ၂၀၀ လောက် ချထားတယ်။ မနေ့တနေ့က ရွာသားတွေကို ဖမ်းဆီးတာ ရှိတယ်” နွားထိုးကြီး PDF က ဆိုသည်။
စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်သမားများသည် ဒီဇင်ဘာ(၂၅)ရက်တွင် နွားထိုးကြီးမြို့နယ် ကျောက်တန်းရွာနှင့် အနီးဝန်းကျင် ရွာများသို့ ဝင်စီးကာ တွေ့သမျှလူ ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ဒေသခံများ ရွာမှ ထွက်ပြေးချိန်တွင် နေအိမ်များကို မွှေနှောက်ကာ ကားလေးစီးအပြည့် ပစ္စည်းများ ခိုးယူလုယက်သွားကြောင်း၊ ထို့အပြင် ၄င်းတို့ မသယ်နိုင်သော အိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်း နွားထိုးကြီးဒေသခံများက ပြောသည်။
ယန့ ဒီဇင်ဘာ(၂၇)ရက်တွင်လည်း နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာအတွင်း စကစများ ဝင်မွှေကာ တပ်စွဲထားပြီး ရွာခံများမှ လွဲလျှင် မည်သူ့ကိုမှ အဝင်မခံဟု ဒေသခံများက ဆိုသည်။
ဒီဇင်ဘာ(၂၁)နှင့်(၂၂)ရက်က နွားထိုးကြီးမြို့နယ်အတွင်း ခရီးသွားပြည်သူများထံမှ ဆက်ကြေးတောင်းနေသော စကစ အကြမ်းဖက်သမားများကို နွားထိုးကြီး PDF က တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် စကစ အကြမ်းဖက်သမား (၁၁)ဦး သေသည်။ ထို့နောက် ဒီဇင်ဘာ(၂၃)ရက်တွင် မြင်းခြံမြို့နယ်အတွင်း မွှေနှောက်သောင်းကြမ်းနေသော စကစများကို ယုန်ထိုးတောင်အနီးတွင် Zero ပြောက်ကျားတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ အကြမ်းဖက်သမား (၁၅)ဦးခန့် သေသည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။
ထိုသို့ တိုက်ခိုက်ခံရကာ အသေများပြီးနောက် စကစ အကြမ်းဖက်သမားများက မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်စသည့် မြို့နယ်များအတွင်း အင်အားအများအပြားဖြင့် တောနင်းရှာဖွေခြင်း၊ ကျေးရွာများသို့ ဝင်စီးကာ လူသတ်၊ ပစ္စည်းလု၊ ဖမ်းဆီးနှိပ်စက်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီကမူ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာအနီးတွင် လက်လုပ်မိုင်း ခုနှစ်လုံး၊ ပဲကြီးခင်းကျေးရွာ မူလွန်ကျောင်းရှေ့တွင် လက်လုပ်မိုင်း သုံးလုံး၊ အဆိုပါ ကျေးရွာများအတွင်းရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များနှင့် တဲများအတွင်းမှ လက်လုပ်မိုင်းမျိုးစုံ (၃၀)လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများ၊ ပတ်ကူကျေးရွာအနီး မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာမှ လက်ပစ်ဗုံးမျိုးစုံ (၄၅) လုံး၊ AK 47 ကျည်ဆံ (၁၅၀၀)တောင့်၊ ၎င်းကျည်အိမ် (၁၂)ခု၊ လျှပ်စစ်ဒီတိုနေတာ (၅၀)ခု၊ ဖမ်းဆီးရမိသည်ဟု ဒီဇင်ဘာ(၂၅)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment