မိမိတို့အား အနိုင်ကျင့် စော်ကားနေသည့် စစ်အာဏာရှင် များ အား တတိုင်းပြည်လုံးက မည်မျှ အထိ ရွံရှာ မုန်းတီး အော့နှလုံးနာ နေကြပြီ ဆိုသည်ကို အသိသာဆုံး ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးလိုက်သည့် သမိုင်းဝင် နေ့ကြီး တနေ့ အဖြစ် ဒီမိုကရေစီ တိုက်ပွဲဝင် သမိုင်းတွင် မှတ်တမ်း ရေးထိုး နိုင်ခဲ့သည့် နေ့ထူး နေ့မြတ်ကြီးပင် ဖြစ်သည်။
လက်ဖျောက်တချက် တီးလိုက်ရုံဖြင့် ၎င်းတို့အား အုံနှင့် ကျင်းနှင့် ဆန့်ကျင် တွန်းလှန် နိုင်ကြောင်း စစ်အာဏာရှင် ဗိုလ်ချုပ်များ ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့အဖို့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားရန် မည်သူ ကမျှ လက်မခံတော့ ဆိုသည်ကို ပြသနိုင်ခဲ့သည်သာမက မဲ မသမာမှု လုပ်ပါသည် ဟု စွပ်စွဲမှုများသည် ကလိန်စေ့ ငြမ်းဆင် ခြင်းသာ ဖြစ်ကြောင်း သက်သေထူပြနိုင်ခဲ့ပြန်၍ ကမ္ဘာအလယ်တွင် အရှက် ဗြန်းဗြန်း ကွဲသွားသည့် နေ့ကြီးလည်း ဖြစ်ပေသည်။
ကမ္ဘာ့လူ့အခွင့်အရေး နေ့ကြီး ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးရှိ ဆိုင်များ၊ လုပ်ငန်းများ ပိတ် ခဲ့ကြပြီး လမ်းပေါ်သို့ တဦးတလေမျှပင် မထွက်တော့၍ တနိုင်ငံလုံး နီးပါး သုသာန် တစပြင် ပမာ ဖြစ်သွားခဲ့ ရသည်။
ပြည်ပ ရှိ သတင်းဌာနများ နှင့် သတင်းစာများတွင်လည်း လမ်းများပေါ်တွင် လူသူ ကင်းမဲ့ နေသည့် ဓါတ်ပုံများ ဖြင့် ရေးသား ဖေါ်ပြခဲ့ကြသည်။ အမေရိကန်ရှိ Vice သတင်းဌာနမှ “This is what looks like when a city of 5 million people goes on strike” ဟူ ၍ ပါရှိလာခဲ့သည်။
CNN သတင်းဌာနကြီးမှ ယခုအခါ တိုင်းပြည်၏ အနာဂတ်သည် CDM ဝန်ထမ်းများ၊ လက်နက်စွဲကိုင် တိုက်ပွဲဝင် နေကြသော PDF များနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရန် ကြံစည် ကြိုးပမ်းနေကြသူ များကသာ ဆုံးဖြတ်ကြရတော့မည်ဟု ရေးသားလာခဲ့သည်။ စစ်တပ်သည် လက်နက် ရှိသည်မှ လွဲ၍ မည်သို့မျှ မသက်ဆိုင်တော့သည့် အနေအထားသို့ ရွေ့လျောလာနေပြီ ဖြစ်သည်။
NUG သည် နယ်မြေ စိုးမိုးမှု မရှိသေးဟု ရေရွတ်နေကြသူများ အတွက်လည်း ဒီဇင်ဘာ ၁၀ ရက်နေ့သည် NUG က တနိုင်ငံလုံးကို ပြည်သူတို့၏ အသဲနှလုံး အား အုပ်စီးမိနေပြီ ဆိုသည့်အပေါ် အထင်အရှား ပြဆိုနိုင်လိုက်၍ တော်လှန်ရေး အတွက် လွန်စွာ အရေးပါသော ဝိသေသ လက္ခဏာ ကြီးပင် ဖြစ်ပေတော့သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH မှလည်း တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ဟု အမည် ပေးထားသော စစ်ဝါဒီများ ဆန့်ကျင်ရေး လှုပ်ရှားမှု တွင် စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ကြသည့် ပြည်သူများကို သပိတ်အဆုံးသတ် သည့် ညနေ လေးနာရီ နောက်ပိုင်းတွင် ချီးကျူးဂုဏ်ပြု သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ဖြစ်ရန်လည်း စစ်တပ်သည် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများနှင့် ပြည်သူတရပ်လုံး မကြုံစဖူး ညီညွတ်သွားအောင် ကူညီ ပံ့ပိုးပေးခဲ့ခြင်းကြောင့် ဖြစ်ပေရာ ဤသည်ကပင် ၎င်းတို့ အဖို့ ခုတ်ရာတခြား ရှရာတလွဲ အဖြစ်ဖြင့် ရင်နာစရာ ကောင်းနေရပေသည်။ လယ်တော တင်းကုပ်များတွင် ထင်းခွေ ရေခပ် နေရသူပင် ၎င်းနှင့် နေရာချင်းလဲဖို့ ကမ်းလှမ်းမည် ဆိုလျှင် ခါးခါးသီးသီး ငြင်းဆန်ကြပေရော့မည်။
ပြည်သူတရပ်လုံးကလည်း မိမိတို့၏ တရားမျှတသော တောင်းဆိုချက်များကို မည်သည့် အခါမျှ လိုက်လျော ခဲ့ကြခြင်းမရှိ သည့်အပြင် မတတ်သာ၍ လိုက်လျောခဲ့ရလျှင်လည်း ၎င်းတို့ အကျိုးစီးပွားကို တစက်ကလေးမျှ အထိခိုက် မခံသည့် နည်းမျိုးဖြင့် အထက်စီးမှ လိုက်လျောခဲ့ကြသည်ကို ကောင်းစွာ သဘောပေါက် နားလည် လာကြပြီ ဖြစ်သည်။
စစ်ခေါင်းဆောင်များသည် ပြည်သူများ အပေါ် လက်နက်အားကိုးဖြင့် အုပ်ချုပ်နေကြရသည့် အဖြစ်မှာ ထင်ရှား သည်ထက် ထင်ရှားလာနေပြီး တဖြေးဖြေး နှင့် နိုင်ငံတကာ ရာဇဝတ်မှုခင်းများ တရားရုံး အိုင်စီစီ တွင် စစ် ရာဇဝတ်ကောင်များ အဖြစ် တရားစွဲဆိုခံရမည့် အချိန်မှာ နီးကပ် လာနေလျှက်ရှိသည်။
ထိုအခါ နိုင်ငံတကာ ရဲတပ်ဖွဲ့အင်တာပိုလ်မှ Red Notice ဟု ခေါ်ဝေါ်သည့် နိုင်ငံတကာ ဖမ်း ဝရမ်း ထုတ်ပြန် လာတော့မည် ဖြစ်သည်။ ၎င်းတို့အတွက် သတိပြုစရာ ကောင်းနေသည့် အချက်က အင်တာပိုလ် ကို အသုံးချ၍ ရုရှားနှင့် တရုတ်မှ ၎င်းတို့ အလိုရှိသူများကို ဝရမ်းထုတ်ပေးရန် အများဆုံး တောင်းဆိုခဲ့ကြသည်။ အင်တာပိုလ်မှ ထုတ်ပြန်ပေးခဲ့ရသော Red Notice စုစုပေါင်း ၇,၅၀၀ အနက် ၄၃% သည် ရုရှား အတွက် ဖြစ်နေသည်။ တရုတ် သည်လည်း အလားတူပင် ဖြစ်သည်။
ဆိုလိုသည်မှာ တရုတ် နှင့် ရုရှားသည် အင်တာပိုလ်ကို ၎င်းတို့ ၏ ပုလိပ်အဖွဲ့ကြီးအလား အခွင့်အရေးယူ အသုံး ချဆုံး နိုင်ငံများ ဖြစ်နေရာ မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များကို ထုတ်ပြန်လာမည့် အင်တာပိုလ်၏ ဖမ်း ဝရမ်းကို မသိချင်ယောင် ဆောင်နေ၍ မည်သို့မျှ မဖြစ်တော့။ မကြာမီက ရွေးချယ်တင်မြှောက်လိုက်သည့် အင်တာပိုလ် ဥက္ကဌ သည် ယူအေအီး ပြည်ထဲရေး ဌာန ၏ ရဲချုပ် ဖြစ်နေပြန်သည်။ ထို့ကြောင့် ဒူဘိုင်းသည် လည်း ၎င်းတို့အတွက် မည်သို့မျှ မလုံခြုံတော့ပြန်။ အင်တာပိုလ် ဥက္ကဌ ၏ နိုင်ငံသည် အင်တာပိုလ်က ထုတ် သော ဖမ်း ဝရမ်းကို မည်သို့များ မသိချင်ယောင် ဆောင်၍ ရပေမည်နည်း။
ဤသည်ကပင် မိကျောင်းဘဝမှ ဖွတ်ဘဝသို့ ရွေ့လျောသွားခဲ့ရသူတို့၏ မလွဲမသွေ ကြုံရမည့် နိဂုံးကြီးပင် ဖြစ်ပေတော့သည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai
No comments:
Post a Comment