မကွေး၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၁။
မကွေးမြို့က စစ်ကောင်စီကိုထောက်ပံ့မှုတွေပေးနေတဲ့ ရွှေဆိုင်မှာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့နေ့လည် ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မကွေးမြို့၊ အထက ၁ လမ်းပေါ်မှာရှိတဲ့ ရန်ကင်းဈေးက ဇမ္ဗူရာစ်ရွှေဆိုင်ဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေအနေနဲ့ စစ်ကောင်စီတပ်တွေအတွက် လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေအပြင် ငွေကြေးထောက်ပံ့မှုတွေလည်း ပေးနေတာကြောင့် ခုလိုဖောက်ခွဲလိုက်တာဖြစ်တယ်လို့ MDA - နဂါးတပ်ဖွဲ့ရဲ့တာ၀န်ခံဆရာနှင်းမောင်က ပြောပါတယ်။
"သူတို့က စစ်ကောင်စီကိုဖားယားပြီး ထောက်ပံ့နေတာ၊ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ငွေ ၅ သိန်းနဲ့ ကြက်ဥ ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်၊ ရေသန့်ဗူး အချိုရည် ၁၇ သိန်းကျော်ဖိုး သွားလှူကြတယ်ဗျ၊ အဲဒါကြောင့် လက်ပစ်ဗုံးပစ်သွင်းခဲ့တာပါ" လို့ သူကဆက်ပြောပါတယ်။
ဒီဖောက်ခွဲမှုကို MDA- နဂါးတပ်ဖွဲ့နဲ့ ဗိဿနိုးမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment