(ရန်ကုန်မြို့တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီလက်ပါးစေ ရဲများကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ) |
လက်နက်ခဲယမ်းများ သိုလှောင်ထားပါက ၎င်းတို့ထံအပ်နှံရန် စစ်ကောင်စီက ယမန်နေ့ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်များအား ဗုံးဖောက်ခွဲမှုများနှင့် ရဲစခန်းတစ်ခုကို ၄၀(မမ) ဖြင့် ပစ်ခတ်တိုက်ခိုက် ခံရမှုများ ဖြစ်ခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက် ညပိုင်း နှင့် ၂၂ ရက် နံနက်အစောပိုင်းတွင် အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် သဃ်န်းကျွန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များကို ဦးတည်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"ညက ဗုံးကွဲတာ နှစ်ချက်က တော်တော် ကျယ်တယ်။ ၇ နာရီလောက်မှ တစ်ကြိမ်၊ ၇နာရီခွဲ လောက်မှာတစ်ကြိမ် နှစ်ကြိမ်ပေါက်တာ။ စစ်ခွေးတွေ သေ၊မသေတော့ မသိရသေးဘူး"ဟု အရှေ့ဒဂုံမြို့နယ် နေသူတစ်ဦးက ပြောသည်။
အရှေ့ဒဂုံဆေးရုံကြီးဘေးတွင်လည်း ရှေ့ထွက်မိုင်းအဖြစ် ည ၇နာရီက ကနဦးဖောက်ခွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများလာရောက်စစ်ဆေးချိန် ည ၇ နာရီခွဲက မိုင်းနှစ်လုံး ထပ်မံဖောက်ခွဲခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦးက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို မသိရသေးသော်လည်း ဒဏ်ရာရရှိ သူများရှိသည်ဟု အာဏာရှင်တော်လှန်ရေးတပ်ဦးက ဆိုသည်။
အလားတူ ယနေ့(ဒီဇင်ဘာ ၂၂ ရက်)နံနက် ၈ နာရီဝန်းကျင်ကလည်း သဃ်န်းကျွန်းမြို့နယ် ကားကြီးဂိတ် အနီးပေါက်ကွဲ မှုဖြစ်ပွားခဲ့သည်။
"ပေါက်တာတော့ အကျယ်ကြီးပဲ။ထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး"ဟု သဃ်န်းကျွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ယနေ့နံနက် ၅ နာရီခွဲခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကို ၄၀(မမ) ဗုံးသီး နှစ်လုံးဖြင့် ပစ်ခတ်ခံရကြောင်းလည်း သိရသည်။
ထိုဖြစ်စဥ်တွင် ထိခိုက်သေဆုံးမှုနှင့် ပေါက်ကွဲမှုဖြစ်စဥ် အသေးစိတ်ကို လူထုနွေဦးက အတည်ပြုမရသေးပေ။
နေအိမ်များနှင့် တိုက်ခန်းများအတွင်း လက်နက်ခဲယမ်းများ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက ယခု ဒီဇင်ဘာ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာသို့ လာရောက်အပ်နှံကြရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးများက ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယမန်နေ့ ညနေပိုင်းကစ၍ လိုက်လံကြေညာနေသည်။
People's Spring
No comments:
Post a Comment