ရေမျက်ရွာမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အရပ်လက်သည်ပင် မပါဘဲ တောထဲတွင် မွေးဖွားခဲ့ရ

စစ်ကောင်စီရန်ကြောင့် အသက်လုထွက်ပြေးနေရချိန် မွေးဖွားခဲ့သည့် ကလေးငယ်/ Photo - ပေးပို့

စစ်ကောင်စီက ရေမျက်ရွာအတွင်း သတ်ဖြတ်မီးရှို့ခဲ့ရာ အဆိုပါ အမျိုးသမီး၏ နေအိမ်လည်း မီးထဲပါသွား၊

MFP ၊ ဒီဇင်ဘာ - ၂၅

စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေသဖြင့် ထွက်ပြေးနေရသော စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမျက်ရွာမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် ဒီဇင်ဘာ(၂၃)ရက် ညပိုင်းက အရပ်လက်သည်ပင် မပါရှိဘဲ  တောထဲ၌ မွေးဖွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ရေမျက်ရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် စစ်ကောင်စီရန်ကြောင့် ရွာမှထွက်ပြေးနေရချိန် ဒီဇင်ဘာ(၂၃)ရက် ညပိုင်းက တောထဲ၌ သမီးမိန်းကလေးကို အောင်မြင်စွာ မီးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မိခင်ရော၊ ကလေးပါ ကျန်းမာလျက်ရှိကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ ရေဦး) ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

"ဘေးက အကူအညီနဲ့ပဲ မွေးဖွားရတာပေါ့။ လက်သည်ဆိုတာကတော့ အဲဒီအချိန်က ရှာလို့ပြုလို့ မလွယ်ဘူးလေ။ တောထဲမှာပဲ ဖြစ်သလိုပဲ အဆင်ပြေသလို မွေးခဲ့ရတာဆိုတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူတော့ ဖြစ်ပါတယ်" ဟု ၄င်းက ဆိုသည်။

စစ်ကောင်စီသည် ဒီဇင်ဘာ(၂၀)ရက်က အိမ်ခြေ(၁၅၀)ခန့်ရှိသော ရေမျက်ရွာကို လေကြောင်းနှင့် မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်ကာ ကျေးရွာကို ဝင်စီးခဲ့သည်။ စစ်ကောင်စီက ရဟတ်ယာဉ်ငါးစင်း၊ လက်နက်ကိုင် အင်အား (၁၀၀)ခန့်ဖြင့် ရေမျက်ရွာအတွင်း စီးနင်းဝင်ရောက်ကာ ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သဖြင့် ရွာလုံးကျွတ်ထွက် ပြေးခဲ့ရသည်။

လတ်တလော စိစစ်ချက်အရ ရေမျက်ရွာအတွင်း စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ ရွာသူရွာသား အလောင်း (၇)လောင်း တွေ့ရှိထားပြီး မီးရှို့ခံရသော အိမ်ခြေ (၇၀) ကျော်ရှိကြောင်း ပ.က.ဖ ရေဦးက ပြောသည်။ စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်(၇၀)ကျော်တွင် အဆိုပါ မီးနေသည် အမျိုးသမီး၏ နေအိမ်လည်း မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရေမျက်ရွာရှိ မီးရှို့ခံထားရသော အိမ်ထောင်စုများအတွက် အကူအညီများ လိုအပ်နေပြီး ယခုချိန်ထိ ဒေသခံများ ရွာထဲသို့ ပြန်မဝင်နိုင်သေးဘဲ လယ်ယာလုပ်ငန်းများ ပစ်ထားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

"အထူးသဖြင့် ကွဲသွားကြတဲ့ ကလေးတွေနဲ့ မိဘတွေ ပြန်မဆုံရသေးပါဘူးဗျာ။ နီးစပ်ရာ ကျေးရွာများက စောင့်ရှောက်ထားနေဆဲပါ"ဟု ပ.က.ဖ ရေဦး အဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီ လက်နက်ကိုင်များသည် လက်ရှိတွင်လည်း ရေဦးနယ်ရှိ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ ပစ္စည်းလု၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲဟု ဒေသခံများက ပြောသည်။

တချိန်တည်းမှာပင် စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကျွန်းလှနှင့် ပုလဲမြို့နယ်များရှိ ကျေးရွာများကို ရဟတ်ယာဉ်များ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်လျှက် ရှိသည်။ ရေမျက်ရွာအပါအဝင် စစ်ကောင်စီက ၄င်းတို့ အကြမ်းဖက် စီးနင်းသတ်ဖြတ်သော ကျေးရွာများကို PDF များ ရှိသည်ဟု စွပ်စွဲကာ ထင်တိုင်းကျဲ သောင်းကြမ်းနေခြင်း ဖြစ်သည်။

Mandalay Free Press - MFP

ရေမျက်ရွာမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အရပ်လက်သည်ပင် မပါဘဲ တောထဲတွင် မွေးဖွားခဲ့ရ ရေမျက်ရွာမှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အရပ်လက်သည်ပင် မပါဘဲ တောထဲတွင် မွေးဖွားခဲ့ရ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.