ကျိုင်းတုံမြို့တွင် (၃)လောင်းပြိုင် လူသတ်မှု ဖြစ်ပွား


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းလန်းအတွင်း တက်နေဝန်ကားဂိတ်ဘေးရှိ နေအိမ်တွင် သုံးလောင်းပြိုင် လူသတ်မှု ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ည(၉)နာရီကျော်က ဖြစ်ပွားကြောင်း သိရသည်။  

အသတ်ခံရသူများမှာ အမျိုးသမီး(၃)ဦးဖြစ်ပြီး ကျိုင်းတုံမြို့မဈေးအတွင်း၌ ငွေလဲ လုပ်ငန်းလုပ်ကိုင်သည့်အပြင် သိုးမွေးအထည် နှင့် စောင်များအပြင် အမျိုးသမီးအဝတ်အထည်များ ရောင်းချသူများဖြစ်ကြောင်း သိရသည်။

"အစက သူတို့အော်သံ ကြားရတယ်တဲ့၊၊ သူတို့က တရုတ်လို အော်တာဆိုတော့ ညီမအချင်းချင်း ရန်ဖြစ်တယ်ထင်ပြီး ဘေးအိမ်တွေကလည်း  သွားမကြည့်ကြဘူးတဲ့။ ပြီးတော့ သွေးတွေ အပြင်ကို စီးလာတော့မှ တံခါးသွားခေါက်တာမရတော့ ရဲကို ဖုန်းဆက်ပြောလိုက်တာ။ ရဲက သွားကြည့်တော့ (၃)ယောက်လုံး သေနေတာ တွေ့တယ်လို့ ပြောတယ်"ဟု တဆင့်ကြားသိရသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

သေဆုံးသူများမှာ ပါးစပ်တွင် အဝတ်များဖြင့် စည်းခံထားရသည်ကိုလည်း တွေ့ရ၍ အနီးအနားနေသူများက ဓါးပြတိုက်ခံရသည်ဟု ပြောဆိုနေကြသော်လည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အတွက်ကြောင့် အသတ်ခံရသည်ကို မသိသေး၍ စရဖ နှင့် ရဲက အပူတပြင်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

"စစ်တပ်ကို ဆန့်ကျင်တဲ့လူကိုဆို အမြန်ဆုံး ဟုတ် မဟုတ်ဟုတ် ဖမ်းကြတယ်၊ ဖမ်းပြတယ်။ ခုလည်း ဒီ လူသတ်မှုကို အမြန်ဖမ်းမိမလားဆိုတာ စောင့်ကြည့်ရတော့မယ်။ ကျိုင်းတုံလည်း နေရာတာ မလုံခြုံတော့ဘူး။ ဘယ်သူ့ကိုမှ မတိုင်ကြတဲ့ ဓါးပြအမှုတွေလည်းရှိခဲ့သေးတယ်။ စိတ်မောတယ်"ဟု ကျိုင်းတုံ ဒေသခံ တစ်ဦးက ပြောသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ တာချီလိတ်မြို့တွင် ဓါးပြတိုက်ခံရမှု အများဆုံးဖြစ်ပွားခဲ့သလို ကျိုင်းတုံမြို့တွင်လည်း ဖြစ်ပွားခဲ့သည်များရှိသော်လည်း ရဲတိုင်ကြားမှုမရှိသည့် ဖြစ်စဉ်များ ရှိကြောင်း နှင့် ဖော်ထုတ်ရမိမှုလည်းမရှိကြောင်း ဒေသခံများထံက သိရသည်။


Tachileik News Agency

ကျိုင်းတုံမြို့တွင် (၃)လောင်းပြိုင် လူသတ်မှု ဖြစ်ပွား ကျိုင်းတုံမြို့တွင် (၃)လောင်းပြိုင် လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 23:14 Rating: 5

No comments:

Powered by Blogger.