ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာသားတချို့ကို အမည်မသိ ဆေးတွေထိုးပြီး ပြန်လွှတ်

သတင်း- CJ/ဓာတ်ပုံ- Google

ဒီဇင်ဘာ ၃ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ် လယ်ယာကျေးရွာက ဒေသခံပြည်သူတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ပြီး အမျိုးအမည် မသိရတဲ့ ဆေးဝါးတွေ ထိုးနှံပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းက လယ်ယာကျေးရွာအနီးမှာ ဒေသခံပြည်သူ (၁၀)ဦးနီးပါးကို မနေ့ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်အပြီးမှာ အခုလို ထိုးနှံပေးလိုက်တာပဲ ဖြစ်ပါတယ်။

“ဒီဇင်ဘာ ၁ ရက်ကတည်းက စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်မွှေနေတာဗျ။ မနေ့ကတော့ တောင်သူသွားလုပ်နေတဲ့သူတွေကို လမ်းပေါ်မှာဖမ်းပြီး ဘာဆေးမှန်းမသိတဲ့ ဆေးတွေထိုးပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့ စိုးရိမ်တာက အဲ့ဒိီဆေးတွေက ရောဂါပိုးတွေ ဖြစ်နေမှာစိုးတာပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၉ ရက်ကတည်းက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး လယ်ယာ၊ တဇူး၊ ကင်းမ စတဲ့ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

“ပျူစောထီးတွေရော စစ်ကောင်စီတပ်တွေရော အများကြီးပဲဗျ။ အရပ်ဝတ်နဲ့ RPG တွေထမ်းပြီး လျှောက်သွားနေကြတာ။ ရမ်းသမ်းပစ်တာတွေလည်း လုပ်တယ်။ အဖမ်းခံထားရတဲ့သူတွေလည်းရှိနေတယ်။ အခုကတော့ ဒေသခံတွေက ရှောင်နေရတာပေါ့ဗျာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၁၅၀)နီးပါး ဝင်ရောက်တပ်စွဲထားတဲ့ ကင်းမကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့နေရာတစ်ခုဖြစ်ပြီး ကျေးရွာဒေသခံပြည်သူတွေဟာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတာပါ။


Shwe Phee Myay News Agency 

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာသားတချို့ကို အမည်မသိ ဆေးတွေထိုးပြီး ပြန်လွှတ်  ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာသားတချို့ကို အမည်မသိ ဆေးတွေထိုးပြီး ပြန်လွှတ် Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.