မော်လမြိုင် ၊ ဒီဇင်ဘာ (၂၆)
ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးမှာ ဒီကနေ့ မနက်ပိုင်းက KNLAနဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်မြေခံ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးထံကနေ
ပြောပါတယ်။
ဒီကနေ့မနက် ၆ နာရီအချိန်ကစပြီး ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကေအဲန်ယူမွေးမြူရေးဇုန်ဘက်မှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့ဘက်က အနည်းဆုံး ၇ ဦးခန့်သေဆုံးသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်မှာ ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ ခလရ(၉၇) တပ်ရင်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည်၁၂ ကနေ ၁ နာရီ ကျော်အချိန်အထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ ကေအဲန်ယူသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ထပ်ရောက်လာဖို့ရှိနေတယ်လို့ နယ်မြေခံ ကေအဲန်ယူသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
သတင်း - သံလွင်တိုင်းမ် / Than Lwin Times
No comments:
Post a Comment