တန့်ဆည် ကံထူးမရွာတွင် စကစများ မိုင်းခွဲတိုက်ခိုက်ခံရကာ အသေအပျောက်ရှိနိုင်

စကစများ ရမ်းကားပစ်ခတ်သဖြင့် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦး ကျည်ထိမှန်၊ ဖမ်းဆီးခံရသူများရှိ၊

MFP ၊ ဒီဇင်ဘာ - ၃၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာတွင် ယနေ့ မနက်(၉)နာရီခွဲဝန်းကျင်က စကစများ မိုင်းထောင်ဖောက်ခွဲခံရပြီး အသေအပျောက် ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာ(၃၀)ရက် မနက်ပိုင်းတွင် တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းမှ စကစများ ဆိုင်ကယ် ရှစ်စီးဖြင့် ကံထူးမမြို့တွင်း လှည့်ပတ်သွားလာနေချိန် ဘောလုံးကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စကစများ အသေအပျောက်ရှိနိုင်ပြီး တိုက်ခိုက်ခံရပြီးချိန်တွင် စကစများက အော်ဟစ်ဆဲဆိုကာ မြင်သမျှလူ ရမ်းကားပစ်ခတ်သဖြင့် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦး ခြေထောက်နှင့် လက်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိသည်ဟု တန့်ဆည်ဒေသ Taze News က ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စုက ဒေသခံပြည်သူအချို့ကို ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိသည်ဟု ဆိုသည်။

“ကံထူးမကန်ဘောင်အနီး မိုင်းကွဲ။ ရဲခွေးများ သေနတ်အချက်များစွာ ရမ်းပစ်နေပြီး၊ လမ်းပေါ် ပတ်ဆဲနေပါသည်။  အခြေအနေဆိုးနေသဖြင့် ကံထူးမပေါ်  မသွားလာကြရန် အသိပေးအပ်ပါသည်” ဟု ကံထူးမ ပလက်ဖောင်းကလည်း ဖော်ပြသည်။

တန့်ဆည်နယ်အတွင်း စစ်ကောင်စီက ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ ပစ္စည်းလု၊ နေအိမ်မီးရှို့ခြင်းများ ပြုလုပ်နေသလို ထိုသို့ သောင်းကျန်းနေသော စကစများ မကြာခနလည်း တိုက်ခိုက်ခံနေရသည်။

ကံထူးမရဲစခန်းမှ စကစများ အပါအဝင် တန့်ဆည်နယ်အတွင်းရှိ စကစများသည် ၄င်းတို့ ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခံရချိန်တွင် မြင်သမျှလူကို ရမ်းကားပစ်ခတ် ရန်ပြုလေ့ရှိပြီး လွန်ခဲ့သည့် လပိုင်းကလည်း တန့်ဆည်မြို့ခံအချို့ စကစများ၏ ရမ်းကားပစ်ခတ်ခံရကာ သေဆုံးခဲ့သေးသည်။

Mandalay Free Press - MFP

တန့်ဆည် ကံထူးမရွာတွင် စကစများ မိုင်းခွဲတိုက်ခိုက်ခံရကာ အသေအပျောက်ရှိနိုင် တန့်ဆည် ကံထူးမရွာတွင် စကစများ မိုင်းခွဲတိုက်ခိုက်ခံရကာ အသေအပျောက်ရှိနိုင် Reviewed by THITHTOOLWIN on 05:57 Rating: 5

No comments:

Powered by Blogger.