ဒီဇင်ဘာ ၂၅ ရက်က လေးကေ့ကော်ဒေသတွင်း၊ထီးမယ်ဝါးခီးတိုက်ပွဲ မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် တိုက်ပွဲတွင်း သတင်းယူနေတဲ့ ဖက်ဒရယ်ဂျာနယ်ရဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ သတင်းစာဆရာ၊ ကဗျာဆရာအေစိုင်းကေဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။
ဒီကနေ့မှာတော့ ကဗျာဆရာအေစိုင်းကေ ရဲ့ မြေချဈာပနကို ဒီကနေ့တောတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ မနေ့က စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြား သူ့အနားကိုလက်နက်ကြီးကျခဲ့ရာက ဦးခေါင်းကိုထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
'' မနေ့ကတုန်းက ကျသွားတာပါ။ သူတို့ ( စစ်ကောင်စီ) က လက်နက်ကြီးတွေစပစ်တာ။မေတ္တာလင်းမြိုင်နဲ့ မယ်ဝါးခီကို ဆက်တိုက် တစ်နာရီလောက်ပစ်တာ။ အဲဒီမှာ ကျွန်တော်တို့ နေရာနားကို လက်နက်ကြီးကျတာပေါ့။ သူခေါင်းကိုထိသွားတာပါ ’’ လို့ အဲဒီမှာ ရောက်နေသူတစ်ဦးက ပြောပြပါတယ်။
တိုက်ပွဲဖြစ်ပွားမှု ၁၁ရက်မြောက်နေ့ဖြစ်တဲ့ မနေ့က မနက်အစောပိုင်း ၉နာရီကျော်မှာပဲ စစ်ကောင်စီဘက်က အဲဒီဒေသမှာ လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ အပြင် မြေပြင်ထိုးစစ်မှာလည်း အင်အားတိုး လုပ်ဆောင်ခဲ့တာပါ။
နောက်နေ့လယ်ပိုင်း နဲ့ ညနေပိုင်းမှာလည်း စစ်ကောင်စီက လေယာဉ်သုံး ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ အဲဒီမှာ ရှိနေတဲ့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။ မနေ့ စစ်ကောင်စီရဲ့ အဲဒီလိုပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင် အချို့ကျဆုံးခဲ့ သလို ဒေသခံအရပ်သားတွေထိခိုက် ဒဏ်ရာရသေဆုံးတာလည်းရှိခဲ့တယ်လို့ တိုက်ပွဲတွင်းသတင်းရယူနေသူအချို့ကပြောပါတယ်။
BBC Burmese
တိုက်ပွဲတွင်းသတင်းရယူနေတဲ့ သတင်းသမားကဗျာဆရာအေစိုင်းကေ လက်နက်ကြီးထိမှန်သေဆုံး
Reviewed by THITHTOOLWIN
on
19:33
Rating:
No comments:
Post a Comment