ရန်ကုန် ပန်းပင်ကြီးလမ်းပေါ်က အကျည်းတန်တဲ့ မနက်ခင်း


လမ်းပေါ်မှာ ချီတက်ပြီး ဆန္ဒပြနေသူတစ်စုကို စစ်ကားနဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်တဲ့ ရုပ်သံဖိုင်ကိုကြည့်ရသူတွေအများကတော့ ''လူမဆန်လိုက်တာ'' လို့ ဆိုကြပါတယ်။

ဆန္ဒပြသူတွေဟာ လူငယ်တွေအများစုဖြစ်ပြီး ရင်ဖုံးနဲ့လုံချည် ဝမ်းဆက် ဝတ်ထားသူပါသလို အိမ်နေရင်းအင်္ကျီနဲ့ ထွက်လိုက်လာသူတွေလည်း ပါတာကို တွေ့ရပါတယ်။

လူနှစ်ဆယ် စွန်းစွန်းပဲ ရှိတဲ့ ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေရင်း ဒီဇင်ဘာ ၆ရက်မှာ အမိန့်ချဖို့ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ ပါ ကြွေးကြော်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့တဲ့ စာအုပ်အမည် Freedom from Fear စာသားပါ ဗီနိုင်းကို ကိုင်ထားကြသလို အောင်သပြေနဲ့ နှင်းဆီပန်းတွေ ကိုင်ဆောင်လျက် လမ်းလျှောက်လာကြတာလည်း ဖြစ်ပါတယ်၊

'' ဒီနေ့သပိတ်မှာဆို မီးတုတ်တောင်မပါဘူး။

သပြေပန်းလေးတွေနဲ့ပဲ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတာ။ သူတို့ကသာ လူမဆန်ဘဲ အကြမ်းဖက်ဖြိုခွဲတာ ''လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကားတွေ ပြန်ထွက်သွားတဲ့အခါမှာတော့ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမထက်မှာ ဖိနပ်အချို့နဲ့ သွေးကွက်အချို့ ကျန်ခဲတာကို တွေ့ရပါတယ်။

လူအုပ်ကို ကားနဲ့တိုက်ခြင်း

ဒီဆန္ဒပြလူအုပ်ထဲကို စစ်ကောင်စီကားတစ်စီးက အရှိန်ပြင်းပြင်းဝင်တိုက်ပြီး ဖြိုခွင်းလိုက်တဲ့အချိန်မှာ ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းက ဒီဇင်ဘာ ၅ ရက်နံနက်ခင်းဟာ အော်သံဟစ်သံတွေနဲ့ ဆူညံသွားခဲ့ပါတယ်။

ရုပ်သံဖိုင်ထဲက တွေ့ရှိချက်အရ ရပ်ကွက်နေသူတွေရဲ့ 'ပြေးကြ' 'ပြေးကြ' လို့ သတိပေးအော်ဟစ်သံတွေ၊ ဟွန်းသံတွေဆူညံသွားပြီး လူတချို့ ကားတိုက်ခံရပြီး လွင့်ထွက်သွားခဲ့ပါတယ်။ ပစ်ခတ်သံ အချို့ကြားရတယ်လို့လည်း ပြောကြပါတယ်၊

ပန်းပင်ကြီးလမ်းပေါ်မှာ သွေးကွက်တွေ၊ ကားတိုက်ခံရလို့လွှင့်သွားသူတွေ၊ အဖမ်းခံရသူတွေနဲ့ ကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ်တွေ ပြန့်ကျဲ ကျန်ခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲ အနည်းဆုံး သေဆုံးသူ ၅ ဦး ရှိတယ်လို့ မျက်မြင်တွေရဲ့ပြောကြားချက်အရ ကနဦးသတင်းတွေ ထွက်ပါတယ်။

ကားနဲ့ တိုက်ခံရလိုက်တဲ့ ၃ ဦးကို စစ်ဆေးရုံမှာတင်ထားပြီး အသေအပျောက်မရှိဘူးလို့ စစ်ကောင်စီဘက်က ဆိုပြီး ၇ ဦးဖမ်းမိတယ်လို့ ဆိုပါတယ်။

စစ်ကားလာရာလမ်းနဲ့ လူအုပ်ကြားမှာ ကားတစ်စီးသာခံမနေရင် အသေအပျောက်အရမ်းများသွားမယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဟာ လုံခြုံတဲ့နေရာမှာ ပုန်းခိုနေကြရင်း သူတို့ကို ကားနဲ့ဝင်တိုက်တဲ့ ရုပ်သံဖိုင်ကို ကြည့်ပြီး နာကျည်းဒေါသထွက်နေကြပါတယ်။

မိန်းကလေးတစ်ယောက်ဆို အိမ်တစ်အိမ်မှာ ပုန်းခိုနေရင်း ပြေးတုန်းကလူကွဲသွားတဲ့ သူငယ်ချင်းရဲ့ဖိနပ်ကို ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံထဲမှာတွေ့တော့ အဖမ်းခံနေရပြီထင်ပြီး ငိုပါတယ်။

ကားကို လူအုပ်နားရောက်မှ အရှိန်ထပ်မြှင့်လိုက်သေးတာလို့ သပိတ်ကနေ ထွက်ပြေးလွတ်မြောက်ပါတဲ့ လူငယ်တစ်ယောက်ကပြောပါတယ်။

''လူစိတ်မရှိကြဘူး '' လို့ သူကပြောပါတယ်။

ကားရပ်မယ်အထင်နဲ့ ဆင်းဖို့လုပ်တဲ့ နောက်ခန်းက စစ်ကောင်စီတပ်သားတစ်ယောက်ပါ စစ်ကားနဲ့ချိတ်ပါသွားပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတွေကို သေစေလောက်တဲ့အထိ အလွန်အကျွံလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အခုလုပ်ရပ်အပေါ် လူမှုကွန်ရက်မှာ အပြင်းအထန်ဝေဖန်ရှုတ်ချနေကြပါတယ်။

'' လူမဆန်တဲ့ကိစ္စ၊လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စ။လူမျိုးတုန်းသတ်ဖြတ်တဲ့ကိစ္စ သူတို့ကို တင်စရာအပြစ်က ခေါင်းစဥ် ကုန်နေပြီ။''လို့ နိုင်ငံရေးလေ့လာသုံးသပ်သူဒေါက်တာစိုင်းကြည်ဇင်စိုးကပြောပါတယ်။

ရန်ကုန်မှာ စစ်ကောင်စီကားတွေ လမ်းပြောင်းပြန်မောင်းတာတွေ၊ မီးပွိုင့်မှာမီးနီဖြတ်မောင်းတာတွေက မြင်နေကြ မြင်ကွင်းတွေဖြစ်လာပေမယ့်လို့ ဒီတစ်ခါတော့ လူအုပ်ကိုပါ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်၊

စစ်ကောင်စီဘက်က အမြင်

ဒီဇင်ဘာ ၅ ရက် မနက်ခင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ရန်ကုန်ရောက်နေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ NLD နာယက သူရဦးတင်ဦး၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ ဆေးရုံတက်နေတဲ့ ဘိုကလေးဦးတင့်အောင် တို့ကို ကျန်းမာရေး သတင်းမေးသွားရောက်ချိန်မနက်ခင်းမှာပဲ ပန်းပင်ကြီးလမ်းဖြစ်စဥ် ပေါ်ပေါက်ခဲ့ပြီး လူငယ်တွေ ဆေးရုံရောက်ကုန်တာပါ။

ပန်းပင်ကြီးလမ်းဖြစ်စဥ်အပေါ် အများပြည်သူရဲ့အမြင်နဲ့ စစ်ကောင်စီဘက်ကအမြင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ဒီဆန္ဒပြပွဲတွေကနေ လမ်းပိတ်ဆို့မှုတွေ၊ ဓာတ်ဆီပုလင်းနဲ့မီးရှို့မှုတွေ ဖြစ်လာကြမှာမို့ ထိရောက်တဲ့ဟန့်တားမှု ကြိုတင်လုပ်ရတာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

'' ကျွန်တော်တို့ လူအုပ်ကြားထဲ သေနတ်နဲ့ပစ်မဖြိုဘူး။ အင်အား အလွန်အကျွံမသုံးဘူး။ မော်တော်ယာဥ်နဲ့ ဆောင်ရွက်ခဲ့တာတော့ရှိတယ်''လို့ သူက ပြောပါတယ်။

ဥပဒေ‌ရေးရာ ကျွမ်းကျင်သူတွေကတော့ ဆန္ဒပြသူတွေဟာ ဥပဒေအရ ခွင့်ပြုချက်မတောင်းခဲ့ရင်တောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓိကရုဏ်းနှိမ်နင်းရေးအဆင့်ဆင့်နဲ့ ပဲ လူစုခွဲဖမ်းဆီးရမှာဖြစ်ပြီး အပြစ်ပေးအရေးယူတဲ့ အလုပ်ဟာလည်း တရားရေးဌာနနဲ့ လုပ်ပိုင်ခွင့်သာ ဖြစ်တယ်လို့ဆိုကြပါတယ်။

" လက်နက်မပါတဲ့ ဆန္ဒပြသူတွေကို သတ်ချင်လာအောင်၊ မုန်းလာအောင် ဘယ်လိုများမှိုင်းတိုက်ထားလဲမသိဘူး'' လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

တခြား ဒီမိုကရေစီအစိုးရတွေဟာ ဆန္ဒပြသူတွေကို အကာအကွယ်တောင်ပေးတဲ့အကြောင်း လူ့အခွင့်အရေးသမားတွေကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းစုစီ ဥပဒေမှာလည်း ဆန္ဒပြသူတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်တွေပါပြီး တပ်မတော်ထောက်ခံပွဲတွေနဲ့ အမျိုး၊ဘာသာ၊သာသနာ ဆန္ဒပြပွဲတွေမှာ ဆို စစ်ကောင်စီတပ်တွေက လုံခြုံ‌ရေးပေးတာတွေ့ရပါတယ်။

ပန်းပင်ကြီးလမ်း ဂယက်

ပန်းပင်ကြီးလမ်းဖြစ်စဥ်ကတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်ကို တားမြစ်တဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ဖြစ်ရပ်အဖြစ် လူတွေကို စိတ်ဆိုးဒေါသ ထွက်စေခဲ့ပါတယ်။

ကားနဲ့တိုက်ခံရတဲ့ ဆန္ဒပြ သပိတ်အတွက် တော်လှန်ရေးအရှိန်မြှင့် တုံ့ပြန်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က နာရီပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသူတွေကို အခုလိုကျူးလွန်ခဲ့ကြပြီး အမိန့်ပေးခဲ့ကြသူတွေကို

ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဆန္ဒပြပွဲတွေမထွက်လာရဲအောင် ပန်းပင်ကြီးလမ်းသပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်းခဲ့ပေမယ့် ရန်ကုန်မှာ တခြားသပိတ်တွေ နာရီပိုင်းအတွင်းထပ်ထွက်လာပါတယ်။

''သူတို့လုပ်ရပ်တွေအတွက် သူတို့သာအမြဲရှက်ရွံ့ပြီးလိပ်ပြာမသန့်ဖြစ်နေရမှာ။ ကျွန်တော်တို့က

နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။

BBC Burmese
ရန်ကုန် ပန်းပင်ကြီးလမ်းပေါ်က အကျည်းတန်တဲ့ မနက်ခင်း ရန်ကုန် ပန်းပင်ကြီးလမ်းပေါ်က အကျည်းတန်တဲ့ မနက်ခင်း Reviewed by THITHTOOLWIN on 06:25 Rating: 5

No comments:

Powered by Blogger.