သင်္ကန်းတုံးရွာတွင် ဖက်ဆစ်တပ်သားများလိုက်ပါလာသောယာဥ်တန်း မိုင်းဆွဲခံရ ဖက်ဆစ်တပ်သားတစ်ဦး စိတ်ဓာတ်ကျ၍ မိမိဖာသာအဆုံးစီရင်
ပုံဟောင်း |
ထားဝယ် ၊ဒီဇင်ဘာလ ၁၂ ရက်
ထားဝယ်ခရိုင်၊မေတ္တာမြို့နယ်၊သင်္ကန်းတုံးရွာ လမ်းသုံးထပ်တွင် ဖက်ဆစ်တပ်သားများလိုက်ပါလာသောယာဥ်တန်း ယမန်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခံရသည်။
ဒီဇင်ဘာ(၁၁)ရက်၊ည(၆)နာရီခွဲခန့် ထားဝယ်မြို့မှ ထွက်ခွာလာသော ဖက်ဆစ်တပ်ယာဥ်တန်း သင်္ကန်းတုံးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်လှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွာသားတစ်ဦးကဆိုသည်။
"စစ်ကားကြီး(၃)စီး ဝကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲမလို့ ထားဝယ်မြို့ကနေဆင်းလာတယ်။ ဗဲ့မဲ့တက်တောင်အနားရောက်မှာ မိုင်းဆွဲခံရပြီး အပြန်လှန်ပစ်ခတ်တယ်"ဟု၎င်းကပြောသည်။
ထိုမိုင်းဆွဲမှုတွင် စစ်ကားအကြီး(၂)စီး ချောက်ထဲကျပျက်စီးခဲ့၍ ပြန်လှန်ပစ်ခတ်ကြရာ ဖက်ဆစ်ကောင်စီဖက်မှ (၁၅)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ကျဆုံးသူများရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
ယင်းနောက် ဖက်ဆစ်တပ်များ ထိခိုက်မှုများလာ၍ ပြန်လည်ဆုတ်ခွာသွားပြီး ဝကုန်းရွာဘုန်းကြီးကျောင်းထဲဝင်သွားကြောင်း ၎င်းကပြောပြသည်။
ယနေ့နံနက်စောပိုင်း ကင်းစောင့်တာဝန်ကျသည့် ဖက်ဆစ်တပ်သား တစ်ဦး စိတ်ဓာတ်ကျ၍ မိမိဖာသာအဆုံးစီရင်သွားကြောင်း သိရှိရသည်။
သေဆုံးသည့် ဖက်ဆစ်တပ်သားများ အရုပ်လောင်းများကို ထားဝယ်မြို့ပေါ်သို့ ဒိုင်နာ ရာဘာတင်ဆောင်သောယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
လက်ရှိတွင် ပြည်သူ (၁၀)ဦး ခန့်အား ဖမ်းဆီးထားပြီး ဖက်ဆစ်တပ်များ၏ ရန်မူခြင်း၊ဖမ်းဆီးခြင်းများ လုပ်
ဆောင်မည်ကို ကျေးရွာအတွင်းနေထိုင်သူများ စိုးရိမ်ရသဖြင့် နေအိမ်များ၌ မနေထိုင်ရဲတော့ကြောင်း ဝကုန်းရွာသားတစ်ဦးက ရှင်းပြသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့ မှ လုပ်ဆောင်ခဲ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
Dawei Information Center
No comments:
Post a Comment