အသံတိတ်သပိတ်နေ့ စျေးဆိုင်တွေ ဖွင့်ကြဖို့ လိုက်လံဆော်ဩတဲ့ မူဆယ် စည်ပင်ရုံး ဖောက်ခွဲခံရမှု အမျိုးသမီးဝန်ထမ်း ၂ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၁၁ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ် စည်ပင်ရုံး ဖောက်ခွဲခံရမှုမှာ ရုံးဝန်ထမ်းတွေဖြစ်ကြတဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့မနက်ပိုင်းက ရုံးအတွင်း ဝင်ရောက်ဖောက်ခွဲခံရစဥ်မှာ အကြီးတန်း စာရေးမနဲ့ အငယ်တန်း စာရေးမတို့ကို ထိခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို သွားရောက်သယ်ဆောင်ခဲ့တဲ့ နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “လူနာအမျိုးသမီးနှစ်ယောက်က စာရေးမတွေ ဖြစ်ကြတယ်။ အဲဒီမှန်ကွဲအစတွေက သူတို့ကို လာထိတာပေါ့နော်။ ခြေထောက်တွေ လက်တွေထိတယ် ဒီလောက်ပဲ။ ဖြစ်ဖြစ်ချင်းမှာပဲ ဖုန်းဆက်လာတော့ သွားသယ်ပြီးတော့ ဆေးရုံကို သွားပို့ပေးတယ်” လို့ ဆိုပါတယ်။
အဲဒီ ဖောက်ခွဲခံရမှုမှာ တခြား ကြီးကြီးမားမား ထိခိုက်တာတွေ မရှိသလို အမျိုးသမီးနှစ်ဦးရဲ့ ဒဏ်ရာအခြေအနေလည်း မစိုးရိမ်ရဘူးလို့လည်း ပြောပါတယ်။
လူထုတွေ အသံတိတ်သပိတ် (Silent Strike)လုပ်နေစဥ် အကြောင်းပြချက်မရှိဘဲ စျေးဆိုင်တွေ ပိတ်ထားရင် တစ်လထိ ယာယီပိတ်သိမ်းခံရမယ်လို့ မြို့နယ် စည်ပင်က လိုက်လံကြေညာ ခြိမ်းခြောက်ခဲ့တာကြောင့် သတိပေး ဖောက်ခွဲလိုက်တာလို့ မူဆယ်မြို့နယ် ပြည်သူ့လုံခြံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က ပြောဆိုထားပါတယ်။
ရှမ်းမြောက်မှာ မနေ့က ပြုလုပ်ကြတဲ့ Silent strike ကို မူဆယ်အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ သီပေါနဲ့ ကျောက်မဲ စတဲ့မြို့နယ်က လူထုတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment