ကနီမြို့နယ် ဆယ်ရွာချောင်အုပ်စုတွင် စစ်ကား (၃) စီးမီးလောင်၍ စစ်သား (၄၀) ခန့် သေဟုဆို

MFP ၊ ဒီဇင်ဘာ - ၁၁ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆယ်ရွာချောင်အုပ်စုအနီးသို့ တက်လာသည့် စကစတပ်ဖွဲ့ယာဉ်တန်းကို ဒီဇင်ဘာ (၁၀) ရက်၊ မနက် (၁၁) နာရီအချိန်တွင် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကား သုံးစီး မီးလောင်၍ စစ်သား (၄၀) ခန့် သေဆုံးခဲ့ကြောင်း ကနီ PDF (KLG)က ထုတ်ပြန်သည်။ 

" ဆယ်ရွာချောင်အုပ်စုအနီးသို့ တက်လာသော စကစယာဉ်တန်းကို KLG PDF နှင့် ဒေသခံကာကွယ်ရေး တပ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြပါတယ်။  စစ်ကား (၄) စီးပါ ယာဉ်တန်းမှ ကားသုံးစီး မီးလောင်သွားပြီး စကစတပ်က (၄၀) ဝန်းကျင်ခန့် သေဆုံးကြောင်း သိရပါတယ် " ဟု KLG PDF က ဆိုသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၉)ရက်နေ့တွင်လည်း မုံရွာ - ယာကြီး - ကလေး၀ လမ်းပိုင်း မိုင်တိုင် (၆၅)အနီးတွင် စကစယာဉ်တန်းကို မဟူရာကျောက်ရိုင်း(မင်းကင်းနွေဦးတော်လှန်ရေး)အဖွဲ့နှင့် KLG PDF တို့ ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြပြီး ကားနှစ်စီး ထိမှန်ကာ ခန့်မှန် စကစအဖွဲ့ဝင် (၄၀)အထိ သေဆုံးနိုင်သည်ဟု ထုတ်ပြန်ထားသည်။ 

ဒီဇင်ဘာလ (၉)ရက်နေ့ တိုက်ခိုက်မှုတွင် ကျန်ရှိသည့် စကစများနှင့် ဒီဇင်ဘာလ (၁၀)ရက်နေ့ တိုက်ခိုက်မှုတွင် ကျန်ရစ်သည့် စကစတပ်များ ပူးပေါင်းကာ ဆယ်ရွာချောင်အုပ်စုဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။ 

ဆယ်ရွာချောင်ဒေသသည် ပြီးခဲ့သည့် ဧပြီလ တတိယပတ်အတွင်း ဒေသခံကာကွယ်ရေးတပ်များနှင့် စကစတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်က တပ်ရင်းလိုက် သေဆုံးခဲ့သည့်ဒေသဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။ 

Mandalay Free Press - MFP

ကနီမြို့နယ် ဆယ်ရွာချောင်အုပ်စုတွင် စစ်ကား (၃) စီးမီးလောင်၍ စစ်သား (၄၀) ခန့် သေဟုဆို ကနီမြို့နယ် ဆယ်ရွာချောင်အုပ်စုတွင် စစ်ကား (၃) စီးမီးလောင်၍ စစ်သား (၄၀) ခန့် သေဟုဆို Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.