စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် အလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံရင်းမြစ်များထံမှ သိရသည်။
" အခုလက်ရှိမှာ ပစ်ခတ်သံတွေပြန်ကြားနေရပြီတဲ့ခင်ဗျ။ နောက်ဆုံးကြားထားရတဲ့ သတင်းအရတော့ သေဆုံး(၁၁)ဦးလောက်ရှိပြီ အလောင်းမကောက်ရဲကြသေးဘူးလို့သိရပါတယ်" ဟု ဒေသရင်းမြစ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
နတ်ချောင်းရွာတွင် ဒီဇက်ဘာလ ၂၂ရက်နေ့မှစပြီး စစ်ကောင်စီတပ်မှ ဒေသခံပြည်သူအချို့အား လိုက်လံဖမ်းဆီးမူများ ပြုလုပ်လာသည့်အပြင် ရွာတွင်း ဝင်ရောက်တပ်ဆွဲထားကာ နေအိမ်များဖျက်ဆီးခြင်း ၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်။
ထို့နောက် အဆိုပါ ည (၇)နာရီဝန်းကျင် စာသင်ကျောင်းဝန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာမှ စစ်ကား(၈)စီးဖြင့် ပြန်ထွက်ခွါသွားသည့် လမ်းတွင် ပကဖ (ကလေး)နှင့် CNDFပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ယာဉ်တစ်စီးအပါအဝင် စစ်ကောင်စီဘက်မှ ၁၆ဦးခန့် သေဆုံးကြောင်း ဒေသရင်းမြစ်ကပြောသည်။
"သူတို့ဘက်က အထိနာနေလို့ မနေ့က ရဟတ်ယာဉ်(၂)စီးသုံးတဲ့အထိဖြစ်လာတယ်လို့ယူဆရတယ်။ တစ်ခါမှ ဒီလောက်ထိမပစ်ဖူးဘူး။ မြို့ထဲလည်း ခရီးသည်တင်လေယာဉ်ကပိတ်ထားတော့ လေဆိပ်ကို သူတို့စိတ်ကြိုက်သုံးလို့ရနေတာ။ ကျောင်းဝန်းထဲမှာလည်း တပ်စွဲထားတယ် လေဆိပ်ဘေးက ဒကစ တပ်ဆိုတော့ လက်နက်၊ ကျည်၊ လူအင်အားဖြည့်ပြီး ပြန်ပစ်မယ့်အနေအထားရှိနေတယ် ဒီမနက် ခနငြိမ်တဲ့အချိန် တစ်ချို့က ထွက်ပြေးကုန်ပြီ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိ ကျေးရွာအတွင်းသတ်ဖြတ်ခံရသည့် ရုပ်အလောင်းတချို့အား ကောက်ယူနိုင်ခြင်းမရှိသေးသည့်အပြင် သတ်ဖြတ်ခံထားရသည့် ပြည်သူများ၏ စာရင်းအတိအကျ မသိရှိနိုင်သေးကြောင်းနှင့် သတ်ဖြတ်ခံရသူ ဒီထက်မက ပိုများနိုင်ကြောင်း ၎င်း ကဆက်ပြောသည်။
နတ်ချောင်းရွာတွင် ဒီဇင်ဘာလ ၂၂ရက်နေ့မှ MPT ဖုန်းလိုင်းများဖြတ်တောက်ခံ ထားရသည့်အတွက် ထွက်ပြေးသူ အချို့မှာလည်း ဖုန်းလိုင်းများမမိသည့် နေရာများ တွင် ရောက်ရှိနေသောကြောင့် အန္တရာယ်ကင်းသည် မကင်းသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
နတ်ချောင်းရွာသည် အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိပြီး ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာခန့်တွင် တည်ရှိသော ကျေးရွာဖြစ်သည်။
Kachin News Group
No comments:
Post a Comment