ရဲဘော်တစ်ဦးလည်း ဒဏ်ရာရဟု Dragon Warrior အဖွဲ့ ထုတ်ပြန်
MFP ၊ ဒီဇင်ဘာ - ၂၉
မန္တလေးမြို့ အမရပူရမြို့နယ် စွယ်တော်ဘုရားအနီးရှိ က.ည.နရုံးကို ယမန်နေ့ နေ့လည်ပိုင်းက ဗုံးခွဲ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ လက်နက်ကိုင် တစ်ဦး သေပြီး တစ်ပွင့်ဗိုလ် အပါအဝင် အခြား စကစ နှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် Dragon Warrior အဖွဲ့က သတင်းထုတ်ပြန်သည်။
Dragon Warrior အဖွဲ့သည် MDY PDF အဖွဲ့ဝင်ဖြစ်ပြီး ဒီဇင်ဘာ(၂၈)ရက် နေ့လည်(၂)နာရီခန့်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ (၆၇)လမ်း၊ စွယ်တော် ကညန ရုံးအား လက်ပစ်ဗုံးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
“စွယ်တော် ကညနရုံးအား လက်ပစ်ဗုံးဖြင့် ဝင်ရောက်တိုက်ခိုက်ရာ ရခတစ်ကောင် သေဆုံး၍ တစ်ပွင့်တစ်ကောင်နှင့် တပ်သားတစ်ကောင် အရေးပေါ် အခြေအနေ ဖြစ်သွားကြောင်း အများပြည်သူ သိရှိစေရန် ကြေညာအပ်ပါသည်။ မိမိတို့ အဖွဲ့ဘက်မှလည်း တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ထပ်ဆင့် ကြေညာအပ်ပါသည်။ "ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်သူနေရဲလဲ" “ ဟု Dragon Warrior အဖွဲ့က ထုတ်ပြန်ထားသည်။
ယမန်နေ့က စွယ်တော် ကညနရုံးတွင် လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရမှုကြောင့် ဂိတ်ပေါက် ဘန်ကာအတွင်းရှိ အစောင့်ကျ စကစတစ်ဦးနှင့် ကညနရုံးလို့ လာရောက်သော အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် တပ်သားအဆင့် တစ်ဦး ရင်ဘတ်တွင် မိုင်းစထိမှန် ဒဏ်ရာရကာ အသက်(၄၀)ကျော် အမျိုးသားတစ်ဦးလည်း တင်ပါးတွင် မိုင်းစထိမှန် ဒဏ်ရာရကြောင်း၊ ၄င်းတို့ နှစ်ဦးလုံး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိဟု စစ်ကောင်စီဘက်က ဆိုထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် စကစများ အသေအပျောက် အခြေအနေကို အတိအကျ မသိရသေးပါ။
မန္တလေး စွယ်တော် ကညနရုံး မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး နိုဝင်ဘာ လလယ်ပိုင်းကလည်း စွယ်တော် ကညနရုံးတွင် ဗုံးပစ်တိုက်ခိုက် ခံခဲ့ရသေးသည်။ မန္တလေးမြို့၌ စွယ်တော် ကညနရုံးနှင့် သိပ္ပံလမ်းပေါ်ရှိ ကညနရုံးဟူ၍ ကညနရုံး နှစ်ရုံးရှိပြီး အာဏာသိမ်ပြီးနောက်ပိုင်း ခြောက်ကြိမ်ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။
စစ်ကောင်စီသည် မန္တလေးရှိ ကညနရုံး နှစ်ရုံးကို ပြန်လည်ဖွင့်လှစ်ကာ ယာဉ်လိုင်စင် သက်တမ်းတိုးခြင်း ကဲ့သို့ ၄င်းတို့အတွက် အခွန်အခ ရရှိနိုင်သော အလုပ်များကို လုပ်ဆောင်လျှက်ရှိသည်။
ကညနရုံးများမှတဆင့် ပြည်သူကို ပစ်သတ်မည့် ကျည်ဆန်ဖိုးများ စစ်ကောင်စီထံ စီးဆင်းနေမှုကို ဖြတ်တောက်ရန်အတွက် ယင်းရုံးများကို သတိပေးဖောက်ခွဲခြင်း ဖြစ်ကြောင်း မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် လက်ရှိတွင် ကညနရုံးများ ပုံမှန်အတိုင်း လူစည်းကားနေဆဲဟု မြို့ခံများက ပြောသည်။
Mandalay Free Press - MFP
No comments:
Post a Comment