ဒီဇင်ဘာ၂၇၊ ၂၀၂၁
ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဘုရင့်နောင်စစ်ကြောရေးစခန်းမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက်နေ့ နေ့လယ်ပိုင်းက ပါဆယ်ဗုံးပေါက်ကွဲခဲ့လို့ စစ်သား ၁ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်အသိုင်း အဝိုင်းကသိရပါတယ်။
လှိုင်မြို့နယ် (၁၄) ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ အမှတ်(၁) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း အမှတ်(၁)ဂိတ်မှာ ဒီကနေ့ နေ့လည် ၂ နာရီက ပါဆယ်ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို အမည်မဖော်လိုသူတဦးက ပြောပါတယ်။
"စက်ဘီးစီးပြီး ပါဆယ်လာပေးတာ ပါဆယ်ပေးတဲ့သူက ပြန်သွားပြီ ဖွင့်ကြည့်တော့ ဗုံးထပေါက်တာ"လို့ သူကပြောပါတယ်။
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ပါဆယ်ဗုံးပို့ဆောင်ခဲ့သူကို ဘုရင့်နောင်နဲ့လှိုင်မြစ်လမ်းမှာ ကားလမ်းများပိတ်ဆို့ကာ ရှာဖွေနေတယ်လို့ လှိုင်မြို့နယ်နေသူတဦးက ပြောပါတယ်။
ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့စစ်သားတဦးနဲ့ဒဏ်ရာရသူနှစ်ဦး အမှတ်(၁) ကုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ဗုံးပေါက်ကွဲခဲ့တဲ့ အမှတ်(၁)စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာတခုလည်းဖြစ်ပါတယ်။
Salween Press
No comments:
Post a Comment