ခရမ်းမြို့ ရိုးကြီးကျေးရွာ ဒလန်မိုးကျော်နှင့် သူ့အကိုတို့နှစ်ဦး ယနေ့ပစ်ခတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံး
ဓာတ်ပုံ - ဒလန်မိုးကျော်ပုံ။ |
Khayan Channel (ဒီဇင်ဘာ ၂၇)
ခရမ်းမြို့နယ် ရိုးကြီးကျေးရွာ ဒလန်မိုးကျော်နှင့် သူ့အကိုဖြစ်သူ ကို၀င်းတို့နှစ်ဦး ယနေ့နေ့လည် ၁၂ နာရီခန့်က ၎င်းတို့နေအိမ်နားတွင် ရေပိုက်ပြင်နေစဥ် အမည်မသိအဖွဲ့တစ်ခုက သေနတ် ၅ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုဒဏ်ရာများကြောင့် နေရာမှာတင် နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဖြစ်ပွားရာနေရာအနီးတ၀ိုက်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
`နေ့လည် ၁၂ လောက်က မိုးကျော်နဲ့ သူ့အကိုတို့အပစ်ခံရတယ်၊ ရေပိုက်ပြင်နေတုန်းအပစ်ခံရတာ၊ ၅ ချက်အပစ်ခံရတယ်၊ ဆိုင်ကယ်နဲ့လာပစ်သွားတာ၊ ဘယ်သူမှန်းတော့မသိဘူး။ နာရီဝက်လောက်ကြာတော့ လူနာတင်ကား မီးထွန်းပြီးလာပြီး ဆေးရုံကိုသယ်သွားတယ်၊ ကျွန်တော်လိုက်ကြည့်တော့ ကားပေါ်မှာ နှစ်ယောက်လုံးသွေးတွေအိုင်နေတယ်၊ အဲ့နားကလူတွေကိုမေးကြည့်တော့ နှစ်ယောက်လုံးသေသွားပြီလို့ပြောတယ်။ ဆေးရုံရောက်တော့ လူနာတွေတောင်အောက်မချလိုက်ရဘူး၊ ဆရာဝန်တွေ စမ်းသပ်ပြီး ကားတံခါးပြန်ပိတ်သွားတယ်၊ ပြီးတော့ ရင်ခွဲရုံကို ခေါ်သွားတယ်´ ဟုပြည်သူတစ်ဦးက ဆိုသည်။
ထိုပစ်သတ်ခံရသော မိုးကျော်ဆိုသူမှာ အာဏာသိမ်းပြီးသည့်အချိန်မှာစ၍ ရိုးကြီးကျေးရွာတွင် စစ်တပ်သတင်းပေးလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပြီး ဒလန်ဟုနာမည်ဆိုးဖြင့် ကျော်ကြားနေသူတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ကျေးရွာအတွင်းရှိ လူငယ်တချို့လည်း သူ့ကြောင့် အဖမ်းခံရဖူးတယ်လို့ ရွာခံပြည်သူတစ်ချို့က ဆိုသည်။
Khayan Channel
No comments:
Post a Comment