မြန်မာပလာဇာတွင်ဆန္ဒပြသောလူငယ်များကိုလုံခြုံရေးဝန်ထမ်းများကထိုးကြိတ်ဖမ်းဆီး ၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက်ဖမ်းဆီးခြင်းအပေါ် YRFပြင်းထန်စွာရှုတ်ချ
ရန်ကုန်မြို့ မြန်မာပလာဇာတွင် ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ညနေပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်နေစဥ် ဆန္ဒပြလူငယ်များကို ပလာဇာလုံခြုံရေးဝန်ထမ်းများက ထိုးကြိတ်ဖမ်းဆီးခဲ့သည်။
Myanmar Plaza ၏ Promotion Area ၌ အကြမ်းမဖက် တပါးသူကိုလည်း မထိခိုက်စေဘဲ Soft Strike Campaign တစ်ခုကို LGBT ကွန်ယက်ဝင်များမှ လုပ်ဆောင်နေချိန် Plaza ၏လုံခြုံရေးဝန်ထမ်းအချို့က ထိုးကြိတ်ဖမ်းဆီးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်အားမျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားရာတွင် Plaza တာဝန်ရှိသူတစ်ဦးက ဖမ်းဖမ်းဟု ပြောဆိုသည်တွင် အသင့်ရှိနေသောလုံခြုံရေးဝန်ထမ်းများက ဆန္ဒပြလူငယ်များကို လိုက်လံထိုးကြိတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုးကြိတ်ဖမ်းဆီးခဲ့ရသည့် လူငယ် ၂ ဦးသည် ရုန်းကန်၍ ထွက်ပြေးသည့်အတွက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။
" ဆန္ဒပြပွဲ လုပ်နေရင်း ပလာဇာ လုံခြုံရေးဝန်ထမ်းတွေက ကျွန်တော်တို့ကို ဝင်ဖမ်းတာပါ။ လူငယ် ၂ ယောက်ကို အတင်းဝင် ချုပ်ဖမ်းပေမယ့် ရုန်းပြီး ပြန်လွတ်လာပါတယ်။ တစ်ယောက်ကတော့ ရုန်းကန်ပြေးရင်း ဒဏ်ရာအနည်းအကျဥ်း ရခဲ့လို့ ဆေးခန်းပြလိုက်ရတယ်လို့ သိရပါတယ် " ဟု ၄င်းကဆက်ပြောသည်။
အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွားဆန္ဒပြသည့်လူငယ်များအား မြန်မာပလာဇာ၏ လုံခြုံရေးဝန်ထမ်းများက ထိုးကြိတ်ဖမ်းဆီးသည့်လုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချကြောင်းရန်ကုန်တော်လှန်ရေးအင်အားစု Yangon Revolution Force - YRF က ထုတ်ပြန်လိုက်သည်။
"မလိုအပ်ဘဲ မတရား ထိုးကြိတ်ဖမ်းဆီးမှုတို့ကို လုပ်ဆောင်ခဲ့သည့် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ရှိသူအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်"ဟု YRF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို အကြမ်းဖက်စစ်ကောင်စီဝင်များက ဖမ်းဆီးမှုများ ရှိနေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် ဆန့်ကျင် ဆန္ဒပြနေသည်။
Photo - CJ |
People's Spring
No comments:
Post a Comment