စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း မှန်တောရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် ကလေး PDF တို့ နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။
ကြံသာရွာကနေ လမ်းလျှောက်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၅ ယောက်ကို မှန်တောရွာအကျော်မှာ အနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကလေး PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့တောင်ပိုင်း ဟံသာဝတီရွာမှာ စစ်ကောင်စီတပ်ဖွဲ့တို့ စခန်းချထားပြီး မှန်တောနဲ့ ကြံသာရွာတွေဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ကလေးမြို့ ကျောက်ပြုတ်ရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ငါးဦး သေဆုံးကာ ကလေး PDF က နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF တပ်ရင်း (၃) ကို စစ်ကောင်စီက အင်အားသုံး ဖြိုခွင်းခဲ့ပြီး အမျိုးသမီး ရဲမေတွေ အဖမ်းခံရပြီးနောက် ကလေးမြို့နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြန်ဖြစ်လာနေပါတယ်။
RFA Burmese
No comments:
Post a Comment