MFP ၊ နိုဝင်ဘာ - ၂၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကျွန်းပင်ရွာ နှင့် သဖန်းကိုင်းရွာကြားတွင် စစ်ကောင်စီအဖွဲ့ဝင်များ တင်ဆောင်လာသည့် နှစ်စီးပါ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ (၂၅)ရက် နံနက် (၁၀)နာရီကျော်အချိန်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီအဖွဲ့ဝင်များသည် မတ္တရာမြို့နယ် အုန်းလွတ်ရွာရှိ ဒေသခံတစ်ဦးကို ရိုက်နှက်စစ်ဆေးပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းပြီး တိုက်ခိုက်ခံရပြီးနောက် (၁၅) မိနစ်ခန့် ပစ်ခတ်မှုများလည်း ရှိကြောင်း မတ္တရာ PDF နှင့် နီးစပ်သူများထံမှ သိရသည်။
" စခ နှစ်ဆယ်နဲ့သုံးဆယ်ကြားတင်လာတဲ့ ကားနှစ်စီးကို မိုင်းသုံးလုံးထောင်ခွဲတာ။ တစ်စီးတော့ထိတယ်။ ကျန်တစ်စီးကတော့ မထိဘူး။ သေဆုံးတာတော့ အတိအကျ မသိရဘူး။ စခဘက်က သေနတ်တွေနဲ့ ပြန်ပြီး ပစ်ခတ်တာတွေလုပ်တယ် " ဟု အဆိုပါ နီးစပ်သူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီအဖွဲ့ဝင်များသည် မိုင်းဆွဲ တိုက်ခိုက်ခံရသည့် နေရာကို စစ်ဆေးမှုများ ပြုလုပ်နေကြပြီး စစ်ကောင်စီ လက်နက်ကိုင်များ သေဆုံးမှု အခြေအနေကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကိုင်များ ဝန်တင်ကုန်းရွာမှ အပြန်တွင် မတ္တရာ PDF က မိုင်းနှစ်လုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများ ရှိခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment