ရမည်းသင်း MAB ဘဏ်ဓားပြမှု ဒု-မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် ရှစ်ဦးကို စကစ ဖမ်း၊ဓားပြတိုက်ခံရသော ငွေသားများပါ ပြန်ရဟုဆို

ဘဏ်ဓားပြမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူများ/ Photo - ပေးပို့

MFP ၊ နိုဝင်ဘာ - ၂၇

မန္တလေးတိုင်း ရမည်းသင်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဘဏ်ဒုတိယ မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက နိုဝင်ဘာ(၂၆)ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ယမန်နေ့ နိုဝင်ဘာ(၂၆)ရက် နေ့လည်ပိုင်းက ရမည်းသင်းမြို့လယ်ရှိ MAB ဘဏ် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း(၁၀၀၀)ကျော် ပါသွားသည်ဟု အဆိုပါဘဏ်နှင့် နီးစပ်သူများက ပြောဆိုထားသည်။

ထို့နောက် ညပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်များက ရမည်းသင်းမြို့ပေါ်ရှိ နေအိမ်အချို့သို့ စီးနင်းဝင်ရောက်ကာ အဆိုပါ ရမည်းသင်း MAB ဘဏ်၏ ဒု-မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်း လေးဦး၊ အခြား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ရှစ်ဦးကို ဘဏ်ဓားပြမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

"ညက ဘဏ်ရှေ့မှာ သူတို့ အထက်အမိန့်အရဆိုပြီး စစ်သားတွေရော၊ ရဲတွေရော ဘဏ်ရှေ့အပြည့်ပဲ။ နောက်တော့ အဲဒီကနေ အိမ်တွေ လိုက်တယ်၊ အကုန်လုံး အိမ်တွေမှာ မိတယ်တဲ့။ ဖမ်းခံရတဲ့အထဲ ဘဏ်ဝန်ထမ်း ငါးဦး ပါဝင် ပတ်သက်တယ်ဆိုပြီး ဖမ်းထားတယ်။ အသက်ကြီးကြီးနဲ့ အမျိုးသမီးက ဘဏ်ဒုမန်နေဂျာလို့ သိရတယ်။ တိုက်တဲ့နှစ်ယောက်က တစ်ယောက်မြို့ပေါ်က တစ်ယောက်က ရွာကပဲ။ မိတယ်ဗျ"ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့သည် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်မှု အနည်းဆုံးသော မြို့အဖြစ် ဒေသတွင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ထိုသို့ စစ်ကောင်စီ ထိန်းချုပ်အုပ်စိုးထားသော ရမည်းသင်းမြို့တွင် နိုဝင်ဘာ(၂၆)ရက် မွန်းလွဲ(၂)နာရီကျော်က မြို့လယ်ရှိ MAB ဘဏ်သို့ ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာကာ သေနတ်အတုတစ်လက် အပါအဝင် သေနတ်ပြ၍ ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း(၁၀၀၀)ကျော် ဓားပြတိုက်ယူသွားသည်ဟု ဆိုသည်။ ထို့အပြင် ညနေပိုင်းတွင် ဘဏ်ဓားပြတိုက်မှု CCTV မျတ်တမ်းကိုပါ စစ်ကောင်စီ အသိုင်းအဝိုင်းက ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဘဏ်ဓားပြတိုက်မှုဖြစ်ပြီး (၂၄)နာရီ မပြည့်မီ ကျူးလွန်သူများကို ဖမ်းမိသည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်းက သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

ရမည်းသင်းမြို့ MAB ဘဏ်ခွဲသည် မြို့လယ် လူစည်ကားရာ နာရီစင်အနီးတွင် တည်ရှိသည်။


Mandalay Free Press - MFP

ရမည်းသင်း MAB ဘဏ်ဓားပြမှု ဒု-မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် ရှစ်ဦးကို စကစ ဖမ်း၊ဓားပြတိုက်ခံရသော ငွေသားများပါ ပြန်ရဟုဆို ရမည်းသင်း MAB ဘဏ်ဓားပြမှု ဒု-မန်နေဂျာ အမျိုးသမီးနှင့် ဘဏ်ဝန်ထမ်းများ အပါအဝင် ရှစ်ဦးကို စကစ ဖမ်း၊ဓားပြတိုက်ခံရသော ငွေသားများပါ ပြန်ရဟုဆို Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.