မန္တလေးတိုင်း၊ ရမည်းသင်း မြို့လယ်ရှိ မြန်မာ ရှေ့ဆောင်ဘဏ် ( MABဘဏ်) သည် ယနေ့ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဓားပြတိုက်ခံရကြောင်း ဒေသခံများထံမှတဆင့် သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး လမ်းမဘေး ရမည်းသင်းမြို့လယ် နာရီစင် အနောက်ဘက် မြို့လယ်ခေါင်တွင် ရှိသည့် MAB ဘဏ်ကို ယနေ့ နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် အမည်မသိ လူ ၂ ဦးမှ လက်နက်များကိုင်ဆောင်၍ ဓားပြတိုက်ခဲ့ပြီး ဘဏ်ရှိ ငွေကျပ်သိန်း ၁၀၀၀ ကျော်ကို ယူဆောင်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
" ဆိုင်ကယ်နဲ့ လူနှစ်ယောက်က သေနတ်နဲ့လာပြီး ဘဏ်ဓားပြတိုက်သွားတာလို့တော့ သိရတယ်။ သိန်း ၁၀၀၀ ကျော် ပါသွားတယ် လို့တော့ ပြောကြတယ်။ အတိအကျတော့ မသိရသေးပါဘူး။ ဘယ်အဖွဲ့က လုပ်မှန်းတော့ မသိပါဘူး ဝန်ထမ်းတွေကိုတော့ အန္တရာယ် မပြုသွားဘူးလို့ သိရပါတယ် " ဟု ၎င်းက ပြောသည်။
MAB ဘဏ် ဓားပြတိုက်မှုတွင် ကျပ်သိန်း ၁၀၀၀ ကျော်ပါသွားကြောင်း သတင်းထွက်ပေါ်နေသော်လည်း တရားခံဖမ်းမိခြင်း ရှိ၊ မရှိကို လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဘဏ်ဓားပြတိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဘဏ်အနီးတစ်ဝိုက်အပြင် မြို့ဝင်မြို့ထွက် လမ်းပေါ်ရှိ ဆိုင်ကယ်များကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံအချို့က ပြောသည်။
လူငယ့်ခေတ် / Lu Nge Khit
No comments:
Post a Comment