မန္တလေး ကုန်းစိမ်းစျေးအနီး ကမ်းနားလမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက ရမ်းကားပစ်ခတ်သဖြင့် ပြည်သူ နှစ်ဦး သေနတ်မှန် ဒဏ်ရာရ
ပြီးခဲ့သည့် ရက်ပိုင်းက ကမ်းနားလမ်း ကျူးကျော်အိမ်များကို စစ်အုပ်စုက အင်အားသုံး ဖယ်ရှားခဲ့စဉ်/Photo – CJ |
နိုဝင်ဘာ - ၂၇
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ကုန်စိမ်းစျေးနှင့် ပေါ်တော်မူဘုရားအနီး ကမ်းနားလမ်းပေါ်တွင် ယနေ့ နေပလည် (၁၂)နာရီကျော်အချိန်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းနောက် စစ်ကောင်စီ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ယနေ့ နိုဝင်ဘာ (၂၇)ရက် နေ့လည်(၁၂)နာရီကျော်အချိန်က မန္တလေးမြို့ ဧရာဝတီမြစ် ကမ်းနားလမ်း၊ ကုန်စိမ်းစျေးနှင့် ပေါ်တော်မူဘုရားကြား၊ လေးကျွန်းမာန်အောင်ဘုရားအနီးတွင် စစ်ကောင်စီ လက်အောက်ခံ မန္တလေး စည်ပင် ဦးဆောင်သော လက်နက်ကိုင်များက လမ်းဘေးရှိ ကျူးကျော်နေထိုင်သူများကို အင်အားသုံး ဖယ်ရှားနေစဉ် အထက်ပါအတိုင်း ဖောက်ခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ နှစ်ဦး သေနတ်မှန် ဒဏ်ရာရသည်ဟု ဒေသခံများက MFP သို့ ပြောသည်။
“အဲ့ဒီနားမှာ ကျုးရှင်းနေတာဆိုတော့ အဖွဲ့စုံရှိနေတယ်။ စည်ပင်၊ ရဲ၊ စစ် သူတို့ကို လာဆော်တာ။ စကစတွေ လိုက်ပစ်တာ ပြည်သူနှစ်ယောက် ထိထားတယ်ကြားတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ လက်နက်ကိုင်များ ထိခိုက်ဒဏ်ရာရမှု ရှိ။မရှိကိုမူ မသိရသေးပါ။ ကျည်ထိမှန်ခဲ့သော အရပ်သားပြည်သူ နှစ်ဦးနှင့် ပတ်သက်လည်း MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင် ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် မန္တလေးမြို့ပေါ်ရှိ ကျူးကျော်နေထိုင်သူများ၏ နေအိမ်များကို ဖျက်ဆီးကာ ဖယ်ရှားရှင်းလင်းလျှက် ရှိသည်။
နိုဝင်ဘာ (၂၄)ရက် မနက်ပိုင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁လမ်း ကုန်စိမ်းတန်း ညစျေးသို့ စစ်ကောင်စီ လက်နက်ကိုင်များ ကားဖြင့် စျေးဝယ်လာချိန် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်နက်ကိုင်လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment