ကျိုက်ထို၊ နိုဝင်ဘာ ၂၇
ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၈၀ ကျော် အဖွားအိုတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယနေ့ မနက် ၂ နာရီခန့်မှာ မုပ္ပလင် ကြယ်စင်ဆီဆိုင်နဲ့ကျော်ဥယျာဉ် အနောက်ဖက် တောခြံအတွင်းနေထိုင်တဲ့ ဖွားစောကြည်မှာ နေအိမ်ခြံဝင်းအတွင်းအပေါ့သွားရန် ဆင်းလာစဉ် ကျော်ဥယျာဉ်အနောက်ဘက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားက အဝေးကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
"သူတို့က တောင်ယာခြံလိုမျိုးမှာ နေကြတာ။ သူတို့ နေရာက အိမ်သာမရှိတော့ အိမ်သာသွားရင်လဲ တောတိုးတဲ့ လေ့ရှိတဲ့သဘော။ ဖြစ်တဲ့မနက်မှာ ဓါတ်မီးလေးကိုင်ပြီး တောတိုးတာနဲ့တူတယ်။ အဲဒါကို သေနတ်နဲ့ပစ်ခံရတာ။ သေသွားတယ်။ ခုသိရသလောက်ဆို မနက်ဖြန် အဖွားရဲ့ စျာပန လုပ်မှာကိုတောင် လူသိရှင်ကြားမလုပ်ခိုင်းဘူးလို့ ကြားနေတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းက မုပ္ပလင် တောရကျောင်းအနီးမှာ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တာကြောင့် မုပ္ပလင်ကျေးရွာအနီးမှာ စစ်ကောင်စီအင်အားတိုးချပြီး ကင်းပုန်းဝပ်နေတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း - သံလွင်တိုင်းမ်
No comments:
Post a Comment