စကစ နှစ်ဦး အသတ်ခံရပြီးနောက် ပုလဲနယ် ကြောင်ဝင်ဒူး ကျေးရွာကို စစ်ကောင်စီက မီးရှို့၊ ရဟန်းတစ်ပါးကိုလည်း ထိုးကြိတ်ခဲ့ဟုဆို
MFP ၊ နိုဝင်ဘာ - ၂၆
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကြောင်ဝင်ဒူးကျေးရွာအနီးတွင် နိုဝင်ဘာလ (၂၅)ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး အသတ်ခံရပြီးနောက် ကျေးရွာကို မီးရှို့ကာ ရွာဦးဘုန်းတော်ကြီးကျောင်းမျ မသန်စွမ်း ရဟန်းတစ်ပါးကိုလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
"ခြေထောက်က သိပ်မသန်ဘူး။ အဲဒီဦးဇင်းက၊ မျက်နှာတွေလည်း ကန်ပြီး ဝိုင်းထိုးကြိတ်ခဲ့တာ။ ဘာဖြစ်လို့ ထုတာလဲတော့ မသိဘူး။ ဦးဇင်းကျောင်းပေါ်က ဆင်းခဲ့ဆိုပြီး ဆွဲခေါ်ပြီး ဝိုင်းရိုက်တာ။ ရွာကိုရှို့သွားတာတော့ တော်တော်လေး များတယ်။ လုံးလုံးလောင်သွားတာ တစ်အိမ်ပေါ့။ တချို့နေရာကတော့ ဟိုနည်းနည်း ဒီနည်းနည်းလောင်သွားတယ် " ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာတွင် တပ်စွဲထားသော စကစအဖွဲ့ဝင် နှစ်ဦးကို နိုဝင်ဘာ (၂၅) ရက်နေ့က ပုလဲ Jokersအဖွဲ့နှင့် PPDF ပူးပေါင်းအဖွဲ့က ကြောင်ဝင်ဒူးရွာတောင်ဖက်တွင် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း ပုလဲဂျိုကာက ထုတ်ပြန်ထားသည်။
" အဲဒီရွာ တောင်ဘက်ပိုင်းမှာ သူတို့ပစ်ခဲ့တာဆိုတော့ ဒီရွာကဖြစ်နိုင်တယ်ဆိုပြီး ဒီရွာကိုဝင်မွှေတာပေါ့။ ကျွန်တော်တို့က ပြောက်ကျားလှုပ်ရှားတာဆိုတော့ ဒီရွာကလည်း မဟုတ်ပါဘူး။ သူတို့ဘာသာအထင်နဲ့ ဖျက်ဆီးသွားတာ။ စစ်ကြောင်းကတော့ သူတို့မရှိတော့ဘူး။ ထွက်သွားကြပြီ " ဟု Pale Joker အဖွဲ့မှ ဗိုလ်ပုလဲက ပြောသည်။
ကြောင်ဝင်ဒူးရွာကို စကစမျာက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် အိမ်ခြေအများစု ပျက်စီးခဲ့ပြီး ကွန်ပျူတာနှင့် ငွေကျပ်သုံးသိန်းလေး ပါသွားကြောင်း ဒေသထံတို့က ထပ်လောင်း ပြောဆိုသည်။
Mandalay Free Press - MFP
No comments:
Post a Comment