တပ်ရင်းမှူးရဲ့ဆိုင်က ပစ္စည်းတွေခိုးယူမိတဲ့ စစ်ကောင်စီအဖွဲ့တွေ ပစ္စည်းဖိုးပြန်လျော်ပေးရ


ရေစကြို၊ နိုဝင်ဘာ ၂၆၊ ၂၀၂၁။

‌ရေစကြိုမြို့၊ မြို့မစျေးမှာ ဆိုင်ခန်းတွေဖောက်ထွင်းပြီး ပစ္စည်း‌တွေခိုးယူခဲ့တဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းမှူးမိန်းမရဲ့ စျေးဆိုင်ကပါ ခိုးယူမိခဲ့တာကြောင့် ပစ္စည်းဖိုးတွေ တခုမကျန်ပြန်လျော်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီး၊ ရဲနဲ့ စစ်သားတွေက ရေစကြိုမြို့မစျေး အပြင်ဘက်တန်း စျေးဆိုင်ခန်းမှာရှိတဲ့ အကယ်ဒမီဇင် ရောင်းဝယ်ရေးဆိုတဲ့ ဗိုလ်ကြီးတစ်ယောက်ရဲ့ အမလည်းဖြစ်သလို တပ်ရင်းမှူးရဲ့မိန်းမ ပိုင်တဲ့ ‌စျေးဆိုင်က ၁၀ပိဿာဆီပုံး ၂၀ ကျော်ကို ဖောက်ထွင်းခိုးယူခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ည ၁၁ နာရီ ဝန်းကျင်လောက်မှာ အဲဒီဆိုင်နားဆီက သေနတ်ဖောက်သံတွေ အရင်ကြားရတယ်၊ ကျနော်သိရတာကတော့ သေနတ်ဖောက်ပြီး ပျူကောင်တွေက ဖောက်ပြီးခိုးကြတာ၊ ပြီးမှ စစ်သား၊ ရဲသားတွေနဲ့ လက်ဝါးရိုက် ခွဲယူကြတာပဲ၊ ဂိန်သွားတာက ဆိုင်ပိုင်ရှင်အမရဲ့ ယောင်္ကျားက တပ်ရင်းမှူး၊ မောင်က ဗိုလ်ကြီးဖြစ်နေတော့ သူခိုးတွေအကုန် နားကားကုန်ရော" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲသားတွေ အပါအဝင် ပျူစောထီးတွေက ပစ္စည်းခွဲယူပြီး စခန်းတွေထဲမှာ သိမ်းထားကြပြီးဖြစ်သလို တချို့က သုံးစွဲပြီးနေပြီဖြစ်တာကြောင့် ဆီပုံးတွေအပြင် လျော်ကြေးပါ ပေးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

"စစ်သား ရဲသားတွေက ပစ္စည်းတွေ‌သယ်ယူတာ မသင်္ကာလို့ ဖမ်းရတာပါ၊ ဖမ်းပြီးစခန်းမှာ သိမ်းထားရတာပါလို့ စစ်သား ရဲသားတွေက ဖြေရှင်းချက်ပေးရတယ်၊ သူတို့အကုန်ပြန်ရအောင် လုပ်ပေးပါမယ်ဆိုပြီး တောင်းပန်ရတယ်လို့ သိရတာပဲ၊ မြို့ကတော့ ကြိတ်ပြီးပီတိဖြစ်နေကြတာ၊ သူခိုးတွေ ပေါ်ကုန်လို့၊ ဆီက ၁၀ ပုံးပြန်ရတယ်၊ ကျန်တာကတော့ ခွဲယူပြီး သုံးထားကြလို့ ငွေလျော်ရတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က ခိုးယူခဲ့တာဖြစ်ပြီး အဲ့ဒီခိုးယူမှုနဲ့ ပက်သတ်လို့ ရေစကြိုမြို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ခိုးယူသူတွေကို သတိပေးခဲ့ပြီး မလိုက်နာရင် ပစ်သတ်မယ်လို့လည်း သတိပေးပြောခဲ့တာမျိုး ရှိခဲ့ပါတယ်။

မြေလတ်အသံ - Myaelatt Athan

တပ်ရင်းမှူးရဲ့ဆိုင်က ပစ္စည်းတွေခိုးယူမိတဲ့ စစ်ကောင်စီအဖွဲ့တွေ ပစ္စည်းဖိုးပြန်လျော်ပေးရ တပ်ရင်းမှူးရဲ့ဆိုင်က ပစ္စည်းတွေခိုးယူမိတဲ့ စစ်ကောင်စီအဖွဲ့တွေ ပစ္စည်းဖိုးပြန်လျော်ပေးရ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.