ဓာတ်ပုံ- သေဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး၏ အုတ်ဂူ |
စစ်ကိုင်း၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်း၊ မြို့နယ်တစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် မိုင်းထောင်နေစဥ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် လူငယ်နှစ်ဦး အသက်ဆုံးပါးခဲ့ကြောင်း ဂဠုန်တပ်တော်က နိုဝင်ဘာ ၂၆ ရက်နေ့ညက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၅ ရက် ည ၁၂ နာရီအချိန်က စစ်ကိုင်းတိုင်းအတွင်း ကားလမ်းမတစ်နေရာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ လာရောက်နိုင်သောလမ်းကြောင်းအား ကြိုတင် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ရန် တပ်သား ၂ ဦးမှ ကြိုးစားမိုင်းထောင်နေကြစဥ် မတော်တဆ ပေါက်ကွဲမှုနှင့်အတူ တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ရသည်ဟု ဂဠုန်တပ်တော်က ဆိုသည်။
သေဆုံးသူ ၂ ဦးမှာ အသက် ၂၄ နှစ်နှင့် ၂၂ နှစ်အရွယ် လူငယ်အမျိုးသား များဖြစ်သည်။
ယခုဖြစ်စဥ်မှာ ဂဠုန်တပ်တော်၏ ပထမဦးဆုံးနှင့် နောက်ဆုံးဖြစ်ပျက်မှု ဖြစ်စေရမည်ဟု သူရဲကောင်းရဲဘော် နှစ်ဦးအားတိုင်တည်၍ ကတိသစ္စာ ပြုကြောင်းနှင့် ဂဠုန်တပ်တော်အနေဖြင့်လည်း အမျိုးသားတော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသည့် သူရဲကောင်းတို့၏ ကျန်ရစ်သူမိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲကြောင်း အသိပေးကြေညာသည်။
စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်ကောက်စီ၏ ထိုးစစ်ကို ခုခံတော်လှန်နေသည့် အားကောင်းသည့် နယ်မြေ ဖြစ်သော်လည်း လက်နက် မပြည့်စုံမှုကြောင့် လက်လုပ်မိုင်းများဖြင့်သာ အဓိကထား၍ စစ်ကောင်စီကို တိုက်ခိုက်နေရသည်။
ထို့ကြောင့် လက်နက်ခဲယမ်းများဝယ်ယူနိုင်ရေးအတွက် ပြည်သူလူထု မှ ထောက်ပံ့ ပေးကြရန်လည်း တော်လှန်ရေး ပြည်သူ့တပ်ဖွဲ့အသီးသီးက မေတ္တာရပ်ခံနေသည်။
Lu Nge Khit
No comments:
Post a Comment