ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ၅၄ လမ်းမှာနေထိုင်တဲ့ အသက်၁၉ နှစ်အရွယ်မောင်ဘုန်းမြင့်အောင်နဲ့ဖခင်ဖြစ်သူ ဦးထင်ဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
ဖမ်းဆီးသွားတဲ့နေ့မှာတော့ ဖခင်ဖြစ်သူကိုပြန်လွှတ်လိုက်ပြီး နောက်တနေ့နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ စစ်ကြောရေးမှာ မောင်ဘုန်းမြင့်အောင်သေဆုံးသွားပြီလို့မိသားစုတွေထံ အကြောင်းကြားလာတာဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့နိုဝင်ဘာ ၂၄ရက်နေ့က ရန်ကုန် ရေဝေးသုသာန်ကို စစ်ကောင်စီတပ်တွေက လာရောက်ပို့ဆောင်ခဲ့ပြီး နာရေးအခမ်းအနားလုပ်ခွင့်မရသလို မိသားစုတွေကရုပ်အလောင်းကို ကြည့်ခွင့်မရှိခဲ့ဘူးလို့ နာရေးကိုလိုက်ပါပို့ဆောင်ပေးခဲ့သူတွေကပြောပါတယ်။
“ ရေဝေးမှာတော့ ၁၂ နာရီလောက်ကတည်းက အရပ်ဝတ်အင်အားတွေတော်တော်များများရောက်နေတာ၊ ၁နာရီကျော်လောက်ကျတော့ နာရေးကားရောက်လာတယ်။ အလယ်မှာ စစ်ကားတစ်စီး ၊ အနောက်မှာ အံစာတုံးကားတစ်စီးနဲ့ရောက်လာတယ်။ နာရေးကားရပ်ပြီးတာနဲ့ စစ်ကားပေါ်က စစ်သားတွေက သေနတ်တွေအသင့်အနေအထားနဲ့ ဆင်းလာတယ်။ စစ်ကားပေါ်မှာ ဗိုလ်ကြီးတစ်ယောက်ကတော့ Mask အနက်တပ်ပြီး စောင့်နေတယ် သူကမဆင်းဘူး ။ နာရေးကားကို မီးသင်္ဂြိုဟ်စက်ရှေ့ကိုတန်းမောင်းခိုင်းတယ်။ မီးသင်္ဂြိုဟ် စက်အနားထိကားနောက်ပိုင်းကို ထိုးခိုင်းပြီး အနောက်ဖုံးကိုဖွင့်တယ်။ အလောင်းကိုလည်း ဘယ်သူမှကြည့်ခွင့်မပေးဘူး။ စစ်သားတွေက ပါးစပ်ကလည်းပြောတယ်၊ ဓါတ်ပုံမရိုက်ကြနဲ့ ဆိုပြီး သေနတ်နဲ့အော်နေတယ်။ ဓါတ်ပုံကိုင်ထားတဲ့မိသားစုဝင်တစ်ယောက်က အလောင်းကိုကြည့်ချင်လို့ သွားခွင့်တောင်းတာ စစ်သားက ခေါင်းခါပြီး အနားကမောင်းထုတ်တယ်” လို့ ဒီကနေ့နာရေးကိုလိုက်ပါပို့ဆောင်ခဲ့တဲ့ မောင်ဘုန်းမြင့်အောင်နဲ့နီးစပ်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။
သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ကိုတော့ စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၂ရက်နေ့ညက နေအိမ်မှာ စစ်ကား ၃ စီးနဲ့လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး နောက်တနေ့မှာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့မိသားစုကို အကြောင်းကြားလာကလွဲရင် မောင်ဘုန်းမြင့်အောင်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။
မောင်ဘုန်းမြင့်ကိုဖမ်းဆီးရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်း နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
BBC Burmese
No comments:
Post a Comment