သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာ (၁၅)ရက်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်အဝင် ယာဉ်များကို ကိုဗစ် - ၁၉ ပိုး ရှိမရှိ စစ်ဆေးပေးပြီး စစ်ဆေးခ တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) ကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး မိုင်းယန်းမြို့ထဲသို့ဝင်လာသည့် ကုန်တင်ယာဉ်များနှင့် ယာဉ်နောက်လိုက်ပါလာသည့် သူများကို ကိုဗစ် - ၁၉ RDT Test Kit ဖြင့်စစ်ဆေးပေးပြီး ကျပ်ငွေ (၁၀၀၀၀) ကောက်ယူကြောင်း သိရသည်။
“ဟုတ်တယ်။ ဒီရက်ပိုင်းကစပြီး ဝင်လာတဲ့သူတွေကို စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ပိုက်ဆံကောက်တယ်။ အဝေးကနေ လာတဲ့သူတွေကို စစ်ဆေးတယ်။ ကျိုင်းတုံကနေ ပြန်လာတဲ့သူကိုလည်း စစ်ဆေးတယ်။ ပိုက်ဆံက (၁၀၀၀၀) ကနေစပြီးကောက်တယ်လို့ပြောတယ်” ဟု မိုင်းယန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။
ကိုဗစ် − ၁၉ ကော်မတီမှ အလှူရရှိထားသည့် RDT Test Kit ကို အသုံးပြုစစ်ဆေးခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးအစိုးရ၏ RDT Test Kit ကို အသုံးပြုစစ်ဆေးပြီး ငွေကောက်ခံယူလျက်ရှိကြောင်း သိရသည်။
“ကိုဗစ် - ၁၉ ကော်မတီက ရှိတဲ့ဟာကို အသုံးမပြုဘူး။ အစိုးရက ထုတ်တဲ့ဟာကို သုံးပြီးတော့ စစ်ဆေးတာ။ ပြီးတော့ ငွေကောက်တာပေါ့။ ကိုဗစ် ၁၉ ကော်မတီကတော့ အလကား စစ်ဆေးပေးပါတယ်။ သူတို့က ဈေးထဲမှာ အမြဲစစ်ဆေးပေးနေတယ်” ဟု မိုင်းယန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။
မိုင်းယန်းမြို့တွင် ကိုဗစ် - ၁၉ ပိုးတွေ့ရှိလူနာ ၁၄၃ ဦးရှိပြီး ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်အထိ ဆေးရုံတွင် ဆေးကုသနေသူ (၄)ဦး ကျန်ရှိကြောင်း သိရသည်။
SHAN News (Burmese Version)
No comments:
Post a Comment