အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာ ကဗျာဆရာကြီး ဦးအံ့မောင် ကွယ်လွန် ၂ဝ၁၆ ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ အသက် ၈၅ နှစ်ပြည့် မွေးနေ့ပွဲမှာ ဆရာကြီးဦးအံ့မောင်ကို တွေ့ရစဉ်။ Photo: Citizen Journalist |
အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာ၊ ကဗျာဆရာကြီး ဦးအံ့မောင် ဒီနေ့ ၂ဝ၂၁ သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ မုံရွာနေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ဆရာဦးအံ့မောင်ဟာ ရသစာတမ်း(အက်ဆေး)၊ ကဗျာများနဲ့ ထင်ရှားပြီး မုံရွာအနောက်ဘက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်ရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
၁၉၃၂ ဒီဇင်ဘာ ၄ ရက်မှာ မုံရွာမြို့နယ် လယ်ဇင်ရွာမှာ မွေးဖွားခဲ့ပြီး မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ခဲ့ပါတယ်။
၁၉၄၈-၄၉ မှာ မုံရွာခရိုင်ကျောင်းသားသမဂ္ဂအမှုဆောင်၊ ၁၉၅၁-၁၉၅၃ မှာ ရန်ကုန်တက္ကသိုလ် သမိုင်းအသင်း ဒုဥက္ကဋ္ဌနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အမှုဆောင်၊ ၁၉၆၂-၁၉၇၂ မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းအတွင်းရေးမှူးအဖွဲ့ဝင် စတဲ့ တာဝန်တွေယူခဲ့ပြီး ၂ဝ၁၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂနာယက၊ မုံရွာခရိုင် လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ နာယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ရေသူမကလေး-အန်းဒါးဆင်းပုံဝတ္ထုများ စာအုပ်နဲ့ ၁၉၇၄ ခုနှစ်မှာ အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂၀၀၉ မှာ စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာစာအုပ်ဖြင့် တော်ဘုရားကလေးစာပေဆု၊ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရရှိခဲ့ပါတယ်။
ဆရာဦးအံ့မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/poet-writer-died-of-covid-19-08122021112542.html
No comments:
Post a Comment