CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်မဝင်ပါက ၅၀၅ (က)ဖြင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
မေ ၃ရက် ၂၀၂၁
သျှမ်းပြည်အတွင်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် တချို့ ပညာရေးဝန်ထမ်းများ စိုးရိမ်စိတ်များဖြင့် လုပ်ငန်းခွင် ပြန်ဝင်နေရကြောင်း စုံစမ်းသိရသည်။
အကြမ်းဖက် စစ်ကောင်စီ မှ ကျောင်းများ ပြန်လည်ဝင်ရန် နည်းမျိုးစုံ ကြိုးစားနေပြီး၊ လက်ရှိ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် ဖိအားပေး ခြိမ်းခြောက်မှုကို ပြုလုပ်လာခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်းများ က ပြောပြသည်။
ထို အကြမ်းဖက် စစ်ကောင်စီ မှ CDM ဝန်ထမ်းများကို ဖမ်းဆီးမှု ပြုလုပ်မည် ဆိုပါက တချို့ မိသားစုရေးရာ ခက်ခဲနေသည့် သူများ၊ ထွက်ပြေး တိမ်းရှောင်ရန် ခက်ခဲသည့် ဝန်ထမ်းများရှိနေသဖြင့် Non -CDM အဖြစ်သို့ ပြောင်းရခြင်း ဖြစ်ကြောင်း သီပေါမြို့ CDM များကို ကူညီပေးနေသူများက ပြောသည်။
“ တချို့က ဝန်ထမ်းက အခက်အခဲတွေ စိုးရိမ်မှုတွေ ကြောင့် Non -CDM လုပ်ကြတယ်။ တချို့ကျတော့ လစာမရလည်း ဘာမှ မဖြစ်ဘူး။ အလုပ်ဖြုတ်ခံရလည်းဘာမှ မဖြစ်ဘူး CDM ဆက်လုပ်တာတွေရှိတယ်။ များသောအားဖြင့် တော့ မိသားစုအရေး အသက်ကြီးတဲ့သူ ကလေးသူငယ်ရှိတဲ့သူတွေ က Non-CDM ဖြစ်ကုန်တာ” ဟု သီပေါမြို့ CDM ကို ကူညီနေသည့် အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
သီပေါမြို့တွင် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၀၄၁ ဦးရာ စစ်အာဏာရှင် ဖီဆန်ရေး CDM တွင် ပါဝင်သူ ယခင်လတွင် ၅၈၄ ဦးရှိပြီး ယခုလတွင် ၄၃၅ ဦးထိသာ ရှိကြောင်း၊ လက်ရှိတွင် CDM တွင်ပါဝင်နေသည့် ဝန်ထမ်းများသည် အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
“ CDM ခုချိန်ထိပါဝင်နေတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ချို့ ဆရာတွေလဲ သူတို့ အခက်ခဲနဲ့သူတို့ပေါ့။ လစာကောင်းကောင်မထောက်ပံ့နိုင်ဘူး။ လစာအခက်ခဲရှိလားနိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် CDM မှာဘဲ ဆက်ပြီးတောက်ခံစေချင်ပါတယ်။” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။
CDMပြုလုပ်သည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးခြင်းမပြုလုပ်ပါက အကျိုးခံစားခွင့် လစာမရရှိလျှင်လည်း ပြဿနာမရှိကြောင်း၊ သို့သော် စစ်ကောင်စီမှ ဖမ်းဆီးခြင်း ဖမ်းဝရမ်းပြုလုပ်မည်ဆိုပါက တချို့ ပညာရေးဝန်ထမ်းများ ရှောင်တိမ်းရန် ခက်ခဲမှုများစွာရှိကြောင်း လည်း မူဆယ်မြို့ကျောင်းဆရာမ တဦးက ပြောသည်။
“ ဖမ်းဆီးတာတွေ လုပ်ရင်တော့ တမျိုးဖြစ်သွားနိုင်တယ်။ လစာမရ အလုပ်ထုတ်ခံရရင်လည်း ဘာမှ မဖြစ်ဘူး။ မဖမ်းရင်တော့ ဆရာမတွေက ဆက်ပြီးတော့ CDM လုပ်ကြမှာပါ” ဟု ၎င်း ဆရာမ ကပြောသည်။
ဖေဖော်ဝါရီ ၁ ရက်မှ စကာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာကို ဆန့်ကျင်ဖီဆန်ရေး CDM ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီမှ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ ဖမ်းဆီးခံရသည့် ဝန်ထမ်းတချို့ကိုလည်း ထောင်ထဲတွင် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံရေးဝန်ထမ်းများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်း၊ သတင်းအမှောင်ချခြင်း၊ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ပြီး နိုင်ငံတကာကို မည်သိုမှ မဖြစ်ပုံစံဖြင့် သတင်းကို အမှောင်ချရန် ကြိုးပမ်းနေကြောင်းသိရသည်။
SHAN News (Burmese Version)
No comments:
Post a Comment