စစ်ကောင်စီခန့်အင်ကြင်းမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ၊ မြဝတီခရိုင်အတွင်း အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးထိရှိလာ
မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဖလူးကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အင်ကြင်းမြိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဇော် ယမန်နေ့(မေ ၁၃)တွင် အသတ်ခံရပြီး ၎င်းအပါအဝင် မြဝတီခရိုင်အတွင်း အသတ်ခံရသည့် စစ်ကောင်ခန့် ကျေရွာအုပ်ချုပ်ရေးမှူး (၄) ဦးအထိ ရှိလာကြောင်း သိရသည်။
အင်ကြင်းမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဖိုးဇော်အား ပြီးခဲ့သည့် မေလ ၉ ရက်နေ့က လူတစ်စုမှ လာရောက် ကြိုးတုပ်ဖမ်းဆီးပြီး ကားပေါ် တင်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က မေ ၁၃ ရက်နေ့တွင် ဦးဖိုးဇော်၏ အလောင်းအား ဖလူးလေးကျေးရွာအလွန် မြဝတီ-ဝေါလေ သွားလမ်းနံဘေး သုံးထပ်ကွေ့ အနီးသောင် ရင်းမြစ်ထဲတွင် အလောင်းပြန်တွေ့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ဦးဖိုးဇော်ရုပ်အလောင်းအား မေလ ၁၃ ရက်နေ့တွင်ပင် အင်ကြင်းမြိုင် သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟုလည်း ၎င်းဒေသခံတစ်ဦးက ဆက်ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့ ညပိုင်းက ဇရပ်ဖြူကုန်းကျေးရွာတွင် အုပ်ချုပ် ရေးမှူးရွေးချယ်ရေးပြုလုပ်စဉ် လက်နက်ကိုင်လူတစ်စုမှ ဝင်ရောက်ပစ်ခတ်သဖြင့် ဝှေ့ရှမ်းကျေးရွာ နှင့် မဲ့ပလဲ့ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူး ၂ ဦးအပြင် ဇရပ်ဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးအဖြစ် လျာထားသူ (၁) ဦးသေဆုံးခဲ့ပြီး ယခု အင်ကြင်မြိုင်ကျေးရွာအုပ်ချုပ် ရေးမှူး အပါအဝင် မြဝတီခရိုင်အတွင်း အသတ်ခံရသည့်ကျေးရွာအုပ်ချုပ် ရေးမှူး (၄) ဦးထိရှိလာပြီး ဖြစ်သည်။
၎င်းအပြင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ညပိုင်းက မြဝတီမြို့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ဧပြီလ ၂၆ ရက်နေ့ကလည်း အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏နေအိမ်ခြံဝင်း အတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း သိရသည်။
Karen Information Center -KIC

No comments:
Post a Comment