![]() |
ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။ |
စစ်ကိုင်းတိုင်း ကနီမြို့နယ် ကလေးဝ-ယာကြီး ကားလမ်းနဘေးက အောင်မင်္ဂလာရွာနဲ့ ဇီးပင်တွင်းရွာတွေကို မေလ(၁၁)ရက်နဲ့ (၁၂)ရက်နေ့တုန်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒါဇင်နဲ့ချီတဲ့ အမျိုးသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အဲဒီဒေသအတွက် အရေးပေါ် ဆေးဝါးပစ္စည်း ကူညီထောက်ပံ့နေတဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။
" ကလေးဝ-ယာကြီး တက်တဲ့လမ်းမှာ အောင်မင်္ဂလာရွာဆိုတာ ရှိတယ်။ အဲဒီမှာက ပြည်သူ့ ကာကွယ်ရေးအတွက် ပုန်းရှောင်နေသူတွေရှိတယ်။ အဲဒီလူတွေကို စစ်ကောင်စီတပ်ကနေပြီးမှ လူ(၂၀)ကျော် မေလ(၁၁)ရက်နေ့က ဖမ်းသွားတယ်။ ယောကျ်ားလေးမှန်ရင် အကုန်ခေါ်ဆိုတော့ - ၉ တန်းကျောင်းသားကအစ ပါသွားတယ်။ အခုထိ ဘယ်ခေါ်သွားမှန်း ကျမတို့ သတင်းမရဘူး။ မေလ(၁၂) ဒီနေ့လည်း ဇီးပင်တွင်းရွာကို စစ်ကောင်စီတွေက အလုံးအရင်းနဲ့ ဝင်ပြီးတော့ ပြည်သူတွေကို ပစ်ခတ်ခြိမ်းခြောက်ပြီး ပစ္စည်းတွေကိုလည်း ရှာဖွေယူသွားတယ်။ အပြန်ကျတော့လည်း အမျိုးသားမှန်သမျှ ကားနှစ်စီးတိုက် အဖမ်းခံလိုက်ရတယ်။ "
ဖမ်းဆီးသွားတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ယင်းမာပင်နဲ့ ကနီမြို့နယ်တဝိုက်မှာ ကျေးရွာသားတွေက အိမ်လုပ်သေနပ်တွေနဲ့ စစ်ကောင်စီတပ်တွေကို ဧပြီလတုန်းက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အာဏာပိုင်တွေဖက်က အခုလို လိုက်လံဖမ်းဆီး နှိမ်နင်းနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် စစ်ကောင်စီတပ်တွေက ကနီမြို့နယ်တဝိုက်က တောင်ကုန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာပါ တပ်စွဲ လာကြပါတယ်။
မေလ(၇)ရက်နေ့တုန်းကလည်း ကနီမြို့နယ် သမင်ခြံကျေးမှာ ဒေသခံတွေက ပြန်လည်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/kani-villagers-were-arrested-/5888848.html

No comments:
Post a Comment