မေ ၂၈ရက် ၂၀၂၁
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံးရေးအတွက် သွားရောက်မစောင့်ပါက တရက်လျှင် ကျပ်ငွေ (၈)ထောင်ပေးနေရကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီမှ ကျောင်းအပ်ခွင့်စလက်ခံသည့် (မေ ၂၄) ရက် မှ စပြီး ပြည်သူများ ကို ကျောင်းလုံးခြုံးရေးအရ သွားရောက်စောင့်ခိုင်းပြီး၊ သွားရောက်မစောင့်နိုင်ပါက တအိမ်လျှင်တရက် ကျပ်ငွေ (၈)ထောင်ပေးဆောင်ရမည် ဖြစ်ကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။
“ သူတို့ ၂၄ ရက်ကတည်းက လာစောင့်ခိုင်းတာ။ ဘယ်နေ့ထိစောင့်သွားရမလဲဆိုတာ မသိသေးဘူး။ ရက်အကန့်သတ်မရှိ စောင့်သွားရမယ်လို့ပြောတယ်။ တစ်ရက်ကို တစ်အိမ် အလှည့်ကျ သွားစောင့်ပေးနေရတယ်။ ကျောင်းဖွင့်လည်း အလှည့်ကျ စောင့်ရမယ်လိုပြောတယ်။ သွားမစောင့်ရင် တအိမ်ကို ၈ထောင်ကျပ်ပေးရမယ် ” ဟု မိုင်းဆတ်မြို့ဒေသခံ တစ်ဦး က ပြောသည်။
ကျောင်းလုံးခြုံရေးအပြင် မြို့အဝင်အထွက် တွင်လည်း ပြည်သူများ အလှည့်ကျ တစ်အိမ်တစ်ယောက်သွားစောင့်ပေး နေရကြောင်းသိရသည်။
“ တစ်အိမ်ကိုတစ်ယောက်သွားစောင့်ပေးရတာ။ ယောကျားလေးတွေဘဲသွားစောင့်ပေးရတာ။ ယောကျားလေးမရှိတဲ့ အိမ်ဆို မိန်းခလေးက သွားစောင့်ပေးရတာ။ ကိုယ်စရိတ်နဲ့ကိုယ်ဘဲ။ နေ့လည်စာတောင်း အိမ်ကနေ ထမင်းချိုင်းထုတ် သွားခိုင်းတာ။ ထ ၂ ကျောင်းမှာက မစောင့်နိုင်င်တဲ့အိမ်ဆို ၈၀၀၀ ပေးရတယ်။ ငြင်းလို့မရဘူး” ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းဆတ်မြို့ပြည်သူများသည် မနက်ပိုင်း ၆ နာရီမှ ညနေပိုင်း ၄ နာရီအထိ ကျောင်းလုံခြုံးရေးအတွက် သွားရောက်စောင့်ကြည့်ပေးနေရကြောင်း၊ ထိုလုပ်ဆောင်မှုများကို မြို့နယ်က ညွှန်ကြားထားကြောင်း ဒေသခံများ ကပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ၎င်းတို့စေလိုရာအတိုင်းလုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။
SHAN News (Burmese Version)
No comments:
Post a Comment