နိုင်ငံတကာက မဟန့်တားရင် မြန်မာနိုင်ငံ ဆီးရီးယားလို ဖြစ်လာနိုင် (UNHCR)

မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ရပ်တန့်ရေး နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရာယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။ ဒီကနေ့ ဂျနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ရဲ့ ပြောဆိုချက်တွေကို မဆုမွန်က ပြောပြပေးပါလိမ့်မယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန် ပဲခူးမြို့မှာ လူ ၈၂ ယောက်သေဆုံးခဲ့တဲ့ အထိ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခံခဲ့ရတာကြောင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က မြန်မာစစ်တပ်ကို ထိထိ ရောက်ရောက် အရေးယူရေး နိုင်ငံတကာကို ပန်ကြားလိုက်တာပါ။ မဟာမင်းကြီး Michelle Bachelet ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က အခုလိုပြောပါတယ်။

“ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တဲ့ မူဝါဒကို စစ်တပ်က တိုးပြီး ကျင့်သုံးဖို့ ရည်ရွယ်ထားပုံရပါတယ်။ စစ်ပွဲတွေမှာ သုံးတဲ့ လက်နက်တွေနဲ့ ဘယ်သူဘယ်ဝါ မခွဲခြားဘဲ ပစ်ခတ်နှိမ်နှင်းနေပါတယ်။”

မြန်မာနိုင်ငံအခြေအနေဟာ ၂၀၁၁ ခုနှစ်က ဆီရီးယားမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမျိုး ပြန်ထင်ဟတ်နေပြီလို့လည်း ကော်မရှင်နာမင်းကြီးက ပြောဆိုပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို အလွန်အကျွံအင်အားသုံး ဖြိုခွင်းတာတွေ တွေ့နေရတယ်။ ကိုယ့်ပြည်သူတွေအပေါ် အစိုးရရဲ့ ရက်စက်မှု၊ အစဉ်တစိုက် ဖိနှိပ်မှုကြောင့် လူတချို့က လက်နက်ကိုင်တော်လှန်ကြပါတယ်။ နောက် ချက်ချင်းဆိုသလို တတိုင်းပြည်လုံး အနှံ့ အကြမ်းဖက်မှုတွေ ကူးစက်သွားခဲ့ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောဆိုသွားပါတယ်။

“ နိုင်ငံတကာ အသိုင်းအနေနဲ့ တညီတညွတ်တည်း တုံ့ပြန်ဖို့ ပျက်ကွက်မယ်ဆိုရင် ဆီရီးယားနဲ့ ဆီးရီးယားကို ကျော်ပြီး ဘေးဒုက္ခ အန္တရယ်တွေ ကျရောက်လာမှာကို ၂၀၁၁ ခုနှစ်တုန်းက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ အရပ်သား ပြည်သူတွေအတွက် ကြောက်မယ်ဖွယ်ရာ အကျိုးဆက်တွေ ကြုံခဲ့တာကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြင်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေက အဆိုးဆုံး ကြီးမားတဲ့ ပဋိပက္ခ ကြီး တခုဆီ ဦးတည်သွားမှာကို ကော်မရှင်နာမင်းကြီးက စိုးရိမ်ပါတယ်။ နိုင်ငံတွေအနေနဲ့ ဆီးရီးယားမှာ အတိတ်က ဖြစ်ပွားခဲ့တဲ့ အမှားမျိုးကို ထပ်ပြီးတော့ ခွင့်မပြုသင့်တော့ပါဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေအရ၊ တပ်မတော်ဘက်က RPG လောင်ချာတွေ၊ အပိုင်းပိုင်း ပေါက်ကွဲစေတဲ့ ဗုံးနဲ့ မော်တာတွေ၊ မော်တာတွေနဲ့ ပဲခူးနဲ့ တိုင်းပြည်တောင်ပိုင်းမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့အကြောင်း Ravina Shamdasani က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံသား သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ လက်လုပ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်နက်တွေလုပ်ပြီး အသုံးပြုလာကြတယ်လို့ ပြောပါတယ်။ တိုင်းရင်းသားဒေသ တိုက်ပွဲတွေ တိုးလာတာ၊ လူတွေကို လိုက်ပြီး ဖမ်းဆီးနေတာတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

“ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပိုများလာနေပါတယ်။ စစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင်လို့ အရပ်သားတွေ သေကြေခဲ့သလို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

လူတွေ အများအပြား ဖမ်းဆီးနေတဲ့အတွက် ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ သတင်းထောက်တွေ၊ အရပ်ဖက်အဖွဲ့အစည်းက တက်ကြွ လှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ တခြား လူသိများတဲ့သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ သူတို့က အွန်လိုင်းကနေ သူတို့ မကျေနပ်တာကို ထုတ်ဖေါ်ရေးသားတဲ့အတွက်ပါ။ ကြိုးမဲ့ Broadband အင်တာနက်နဲ့ မိုဘိုင်းဖုံးသုံး အင်တာနက် ဆယ်သွယ်ရေးတွေကို အကန့်အသတ်မရှိ ဖြတ်တောက်ခဲ့ပါတယ်။ ပြည်သူအများအပြား အဓိက သတင်းအချက်အလက်တွေနဲ့ ဆက်သွယ်ရေးစနစ် ပြတ်တောက်ခဲ့ပါတယ်။”

အကူအညီ လိုအပ်နေတဲ့သူတွေဆီ လူသားချင်းစာနာက်မှု အကူအညီတွေ ပေးနိုင်အောင ်လမ်းဖွင့်ပေးဖို့ မြန်မာအစိုးရနဲ့ အိမ်နီးချင်းနိုင်ငံတွေကို လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းတဲ့အကြောင်း Ravina Shamdasani က ပြောပါတယ်။ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတဲ့လူတွေကို ယာယီ အကာအကွယ်ပေးဖို့ အိမ်နီချင်းနိုင်ငံတွေကို တောင်းဆိုသလို ရွှေ့ပြောင်းလာသူတွေကို ပြန်မပို့ဖို့လည်း မဟာမင်းကြီးက တောင်းဆိုပါတယ်။ ဒါက ဖိနှိပ်မှုနဲ့ နှိပ်စက်ခံရနိုင်တဲ့သူတွေကို နေရပ်ပြန်မပို့ရေး နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မူဝါဒနဲ့ အညီဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ့အရေး နိုင်ငံတကာက အရေးယူဖို့ အတွက်လည်း

“ရှုတ်ချ ပြစ်တင်တဲ့ ကြေညာချက်တွေ၊ အကန့်အသတ်နဲ့ ပစ်မှတ်ထား အရေးယူတာတွေ ဒါတွေလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာ ရှင်းပါတယ်။ သြဇာလွှမ်းမိုးမှု ရှိတဲ့ နိုင်ငံတွေ အနေနဲ့ စိုးရိမ်ရတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရပ်ဆိုင်းအောင်၊ ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇတ်ဝတ်မှုတွေ ရပ်တန့်အောင် မြန်မာစစ်တပ်အပေါ် ဖိအားပေး တားဖြစ် လိုပါတယ်။”

စစ်တပ်ခေါင်းဆောင်တွေ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ဖို့ အထောက်အပံ့ဖြစ်စေတဲ့၊ လက်နက်နဲ့ ငွေကြးတွေ ဖြတ်တောက်နိုင်ဖိုပ လိုတယ်ဆိုတာကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က အလေးအနက် ပြောဆိုထားတဲ့အကြောင်း ပြောခွင့်ရ Ravina Shamdasani က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/if-international-will-not-stop-myanmar-crisis-it-will-be-like-syria-/5851898.html

နိုင်ငံတကာက မဟန့်တားရင် မြန်မာနိုင်ငံ ဆီးရီးယားလို ဖြစ်လာနိုင် (UNHCR) နိုင်ငံတကာက မဟန့်တားရင် မြန်မာနိုင်ငံ ဆီးရီးယားလို ဖြစ်လာနိုင် (UNHCR) Reviewed by THITHTOOLWIN on 05:45 Rating: 5

No comments:

Powered by Blogger.