ရေနံဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေ မြန်မာမှာ Total ကုမ္ပဏီ ဆက်လုပ်မည်

ပြင်သစ်အခြေစိုက် Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ။ (အောက်တိုဘာ ၁၂၊ ၂၀၁၆)

ပြင်သစ် Total ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့ တူးဖော်ရေးက ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘေးကင်းကင်းနဲ့ ထုတ်နိုင်နေသ၍ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ ဒီလို ဆက်ပြီး ထုတ်လုပ်တာဟာ တစိတ်တပိုင်းအားဖြင့် ဝန်ထမ်းတွေကို အကာအကွယ်ပေးတာဖြစ်ပြီး ဆက်မလုပ်ဘူးဆိုရင် စစ်အုပ်ချုပ်ရေးကောင်စီဘက်က လက်တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်လို့ ပြောဆိုပါတယ်။

Total ကုမ္ပဏီရဲ့ အခွန်ပေးငွေတွေဟာ စစ်တပ်အုပ်ချုပ်ရေးကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်သုံးသပ်ဖို့ CRPH အစိုးရအဖွဲ့ဘက်က ဖိအားပေးမှုတွေ ရှိပါတယ်။

ဒါပေမယ့် ကုမ္ပဏီအနေနဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လည်ပတ်ဖို့ အကြောင်းတွေ အများကြီးရှိတဲ့အကြောင်း တနင်္ဂနွေနေ့ ပြင်သစ်သတင်းစာ du Dimanche ကို Total ကုမ္ပဏီ အလုပ်အမှုဆောင် အကြီးအကဲ Patrick Pouyanne က ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး လုပ်ငန်းတွေ ရပ်တန့်မယ်ဆိုရင် ဝန်ထမ်းတွေကို အဓမ္မခိုင်းစေတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ Pouyanne က ပြောပါတယ်။ ဒါ့အပြင် စွမ်းအင်အဓိက ဖြည့်ဆည်းပေးနေတဲ့ အရင်းအမြစ်ကို ဖြတ်တောက်တာမျိုး မလုပ်ချင်ဘူးလို့လည်း သူကပြောပါတယ်။

ရန်ကုန်မြို့နေ လူဦးရေ အများအပြားကို လျှပ်စစ်ပေးနေတဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ရပ်ရင် လူတွေပဲ ထပ်ပြီး ဒုက္ခရောက်မှာ မဟုတ်လားလို့ Pouyanne က ကြေညာချက်ထုတ်ပြန် မေးခွန်းထုတ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဒီ စွမ်းအင်အရင်းအမြစ် အရေးကြီးတာကို သတိပေးထားတယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်တောင်ပိုင်း မုတ္တမပင်လယ်ကွေ့က ကမ်းလွန် ရတနာ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းက သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို အဓိက ပို့ပေးတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းဈေးကွက်ကိုလည်း တချို့ ဖြန့်ဝေပေးပါတယ်။

တက်ကြွလှုပ်ရှားသူတချို့ တောင်းဆိုသလို ပေးရမယ့်အခွန်ကို ယာယီထိန်းထားတဲ့စနစ်နဲ့ Escrow ပုံစံ စုထားဖို့ဆိုတာလည်း ဒေသခံ မန်နေဂျာတွေအတွက် ဥပဒေနဲ့ မညီဘူးလို့ Pouyanne က တုံ့ပြန်ပါတယ်။

လစဉ် စစ်အုပ်ချုပ်ရေးကောင်စီကို ပေးနေတဲ့ ဒေါ်လာ ၄ သန်းကိုတော့ ဘဏ်စနစ်တွေ အလုပ်မလုပ်တဲ့အတွက် လောလောဆယ် ပေးနိုင်ခြင်းမရှိဘူးလို့လည်း Total ကုမ္ပဏီက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/total-oil-and-gas-company-myanmar/5840258.html

ရေနံဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေ မြန်မာမှာ Total ကုမ္ပဏီ ဆက်လုပ်မည် ရေနံဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေ မြန်မာမှာ Total ကုမ္ပဏီ ဆက်လုပ်မည် Reviewed by THITHTOOLWIN on 05:45 Rating: 5

No comments:

Powered by Blogger.