အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် SAC-M ကြိုဆို

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်များ

မြန်မာနိုင်ငံမှာ သမိုင်းဝင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်ပြီး ဒီလိုဖွဲ့စည်းတာကို ကြိုဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောပါတယ်။

"မြန်မာလူထုအားလုံး ငြိမ်းချမ်းစွာနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ပြီး လူထုရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ထိပ်တန်းဦးစားပေးတဲ့ အစိုးရတစ်ခုအောက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွင်း တစ်နေ့မှာ နေထိုင်နိုင်ကြဖို့အတွက် ဒါဟာ အရေးကြီးတဲ့ တိုးတက်မှုတရပ်ဖြစ်ပါတယ်" လို့ SAC-M ကိုတည်ထောင်သူတစ်ဦးဖြစ်သူ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ပါမောက္ခ Yanghee Lee က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

NUG ဖွဲ့စည်းတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာအပြီး နာရီပိုင်းအတွင်းမှာပဲ SAC-M ရဲ့ထုတ်ပြန်ချက်ထွက်လာတာဖြစ်ပြီး NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ကြိုဆိုတဲ့ ပထမဆုံးထုတ်ပြန်ချက်လည်းဖြစ်ပါတယ်။

"ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းတာ တရားမဝင်ပါဘူး။ နှစ်လခွဲကြာလာပြီးတဲ့နောက် စစ်တပ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ပါဘူး။ တပ်မတော်ဟာ ဥပဒေအရ ဒါမှမဟုတ် အကြောင်းအချက်အရ တရားဝင်အစိုးရလို့ မပြောနိုင်ပါဘူး" ဆိုပြီး SAC-M ကို တည်သူထောင်သူ နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား၊ ဥပဒေပညာရှင်၊ UNFFM အဖွဲ့ဝင်ဟောင်း Chris Sidoti ကပြောပါတယ်။

"နိုင်ငံတကာမျက်နှာစာမှာ ဘယ်သူက မြန်မာလူထုကို ကိုယ်စားပြုတယ်ဆိုတာ အခုဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှင်းသွားပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုရပါမယ်" လို့ SAC-M ရဲ့ ကျန် တည်ထောင်သူအဖွဲ့ဝင် UNFFM ရဲ့ ဥက္ကဋ္ဌဟောင်း Marzuki Darusman ကလည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာလူထုရဲ့ ဆန့်ကျင်လှုပ်ရှားမှုကို ပံ့ပိုးကူညီဖို့အတွက် SAC-M ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/special-advisory-council-welcomes-national-unity-gov/5855558.html

အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် SAC-M ကြိုဆို အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် SAC-M ကြိုဆို Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.