မိုးမောက်မြို့နယ်၊ မြို့သစ်၊ကုန်းလောရွာမှ တပ်စခန်းနှစ်ခုအား KIA မှ သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မြို့သစ်ကုန်း၊ေလာရှိ စစ်ကောင်စီတပ်စခန်း(၂) ခု အား KIA တပ်ဖွဲ့မှ ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ညက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းစခန်းက သိရသည်။
"KIA တပ်မဟာ ၅ တပ်ရင်း ၃၀ ရှေ့က တပ်စခန်းအနီးမှာ စစ်ကောင်စီက စစ်ကြောင်းတွေ တို့ချဲ့လာတဲ့အတွက်ကြောင့် တိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်လာနိုင်တယ်" ဟုဆိုသည်။
ထို့ပြင်ဧပြီလ (၁၁) ရက်ညနေ (၇) နာရီအချိန်ခန့်ကနေ ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ် (Ah Law Bum) တပ်စခန်းသို့ အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားများတိုးချဲ့လာခြင်းကြောင့် နှစ်ဖက်တပ်မှ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် နွမ်လန် (Num Lang) မြို့သစ်၊ကုန်းလောဘက်မှ စစ်အင်အား စစ်ကြောင်း(၃) ကြောင်းဖြင့်တိုးချဲ့လာခြင်းဖြစ်ကြောင်း KIO/ KIA သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းနှင့် KIA တပ်ဖွဲ့ကြားတောင်ခြေရင်းတစ်ခုတွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာသို့ နွမ်လန် (Num Lang) မြို့သစ်ကုန်းလောဘက်ကနေ လက်နက်ကြီးများဖြင့် စစ်တပ်မှ ပစ်ခတ်ကူညီနေကြောင်း KIO/ KIA ပြန်ကြားရေးတာ၀န်ခံက ဆက်ပြောသည်။
"ဂျက်လေယာဉ် နှစ်ခုနဲ့ အလောဘွမ်ကို ပစ်နေတယ်၊ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာက လေယာဉ်နဲ့ ပစ်တာမရှိဘူး။ ပြီးခဲ့တဲ့လက နောက်ဆုတ်လိုက်ရတဲ့ အလောဘွမ်မှာပစ်တာ" ဟုပြောသည်။
ယမန်နေ့ည ၁၁ နာရီချိန်ခန့်ကလည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်လာခြင်းကြောင့် မြို့သစ်ရွာရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ရွာသားများကပြောသည်။
၎င်းအမျိုးသမီးသည် အသက် (၂၁)နှစ်အရွယ်ရှိပြီး ၃ လသား ကလေးငယ်လည်းရှိကြောင်းသိရသည်။
" လက်နက်ကြီးက သူ့အိမ်မျက်နှာချင်းအိမ်မှာ ပေါက်ကွဲတာ အဲဒီကကျည်စတွေက လာစင်ပြီးဆုံးသွားတာ၊ အခု သွားသဂြိုဟ်နေပြီ။ ကလေးကတော့ ဘာမှမဖြစ်ဘူး" ဟု အိမ်နီးချင်းဖြစ်သူ အစ်မဖြစ်သူ က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
လက်နက်ကြီးကျည်များသည် မြို့သစ်ကုန်းလောရွာအတွင်းသို့ (၁၄) ကြိမ်ထက်မနည်း ပစ်ခတ်ပြီး လေယာဉ်ဖြင့်လည်းပစ်ခတ်ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်အတွင်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ဒေသခံများ ဘေးထွက်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
Myitkyina News Journal
No comments:
Post a Comment