ကယားက CDM ရဲဝန်ထမ်းတွေ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြော



ကယားပြည်နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ရဲဝန်ထမ်းတွေကို ပြန်လည်တာဝန်ထမ်း ဆောင်ဖို့ အထက်အရာရှိတွေက ပြန်ခေါ်တာတွေရှိပေမယ့် သူတို့အနေနဲ့ နောက်ကြောင်းပြန်မလှည့်တော့ဘဲ အဆုံးထိ ပါဝင်သွားမယ်လို့ ပြောပါတယ်။

ဖရူးဆို မြို့မရဲစခန်းမှာ ငါးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အခု CDM လှုပ်ရှားမှုမှာ ပါဝင်သူ၊ အမည်မဖော် လိုတဲ့ ရဲဝန်ထမ်းတစ်ဦးက သူတို့ဟာ ဒီမိုကရေစီစနစ်အောက်မှာပဲ အလုပ်လုပ်သွားချင်တယ်လို့ ပြောပါတယ်။

“ကျနောတို့ ဒီအလုပ်လုပ်တယ်ဆိုတာကလည်း ဒီမိုကရေစီစနစ်အောက်မှာပဲ လုပ်သွားချင်တယ်။ စစ်အာဏာရှင်ကို လုံးဝမကြိုက်တဲ့အတွက် CDM ကို လုပ်ရခြင်း ဖြစ်ပါတယ်”

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ရဲဝန်ထမ်းတွေအနေနဲ့ အခက်အခဲတွေကြားကနေ ပြည်သူနဲ့အတူ တောင့်ခံပြီး အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြကြောင်းလည်း ပြောပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပြည်သူတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေလည်း စတင်ပါဝင်လာခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လကုန်အထိ ဒုရဲအုပ်၊ ယာဉ်ထိန်းရဲတွေ အပါအဝင် CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ရဲဝန်ထမ်း ၂၀၀ ကျော်အထိရှိတယ်လို့ အဲဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ရဲဝန်ထမ်းတွေက ပြောပါတယ်။

CDM မှာပါဝင်သူတွေကို စစ်တပ်နဲ့ရဲက ဖမ်းဆီးတာတွေရှိလာလို့ ရဲဝန်ထမ်းတွေထဲက အများစုဟာ တိုင်းရင်းသား လက်နက်ကိုင်တွေစိုးမိုးတဲ့ နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုလက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ နယ်မြေထဲကို ထွက်ပြေးရောက်ရှိနေတဲ့ CDM ရဲဝန်ထမ်းတစ်ဦးက သူတို့ရဲ့ ဦးတည်ချက်ဟာ ဒီမိုကရေစီပြန်လည်ရရှိဖို့ပဲဖြစ်တယ်လို့ ပြောပါတယ်။

“လစာမရေတာ့ဘူး ဒါပေမဲ့ ပြည်သူတွေက ကျနော်တို့ကို ကျွေးထားတယ်ပေါ့။ အခြားငွေရေးကြေးရေး ဆိုရင်လည်း အဆင်မပြေပါဘူး။ ဒါပေမဲ့ အဓိက ကျနော်တို့ စားသောက်နိုင်တယ်။ ကျနော်တို့ စစ်တပ် ပြန်တိုက်ထုတ်နိုင်ပြီး ဒီမိုကေရစီ ပြန်ရရှိဖို့ပဲပေါ့”

ကယားပြည်နယ်မှာ CDM ဝင်တဲ့ ရဲဝန်ထမ်းတွေ လုံခြုံတဲ့နေရာကို တိမ်းရှောင်နေကြရသလို၊ အိမ်ထောင်သည် တွေ၊ မိသားစုဝင်တွေမှာလည်း ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက်၊ တိမ်းရှောင်နေကြရတယ်လို့ မိသားစုတွေက ပြောပါတယ်။

ထွက်ပြေးနေရတဲ့ CDM ရဲဝန်ထမ်းတစ်ဦးရဲ့ ဇနီးတစ်ဦးကလည်း အခက်အခဲတွေကြားထဲက ထွက်ပြေးတိမ်း ရှောင်ရင်း ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကိုယ်ဝန်ပျက်ကျတဲ့အထိ ကြုံခဲ့ရကြောင်း၊ ဒါပေမဲ့ စိတ်အားတင်း ထားကြောင်း ပြောပါတယ်။

“ဝမ်းနည်းတာတော့ မပြောပြတတ်ဘူးပေါ့ ဒါပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် စိတ်အားတင်းထားနေရတယ်ပေါ့၊ အဲလိုမျိုးဖြစ်နေတယ်။ အမျိုးသားလည်း မရှိတော့ ပိုဆိုးတယ်ပေါ့”

အခက်အခဲတွေ ကြုံတွေ့နေရပေမယ့် သူ့ရဲ့ခင်ပွန်းကို အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ အဆုံးထိပါဝင်ဖို့ တိုက်တွန်းမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ခင်ပွန်းဟာ ဖရူဆိုမြို့နယ်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေခဲ့ရာက CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လက ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

တချို့ကျန်ရစ်တဲ့ ကလေးနဲ့ အမျိုးသမီးတွေမှာလည်း ရဲဝန်ထမ်းအိမ်ယာမှာမနေကြဘဲ တိမ်းရှောင်နေကြရ တယ်လို့ ရဲဝန်ထမ်း မိသားစုဝင်တွေက ပြောပါတယ်။

လွိုင်ကော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရဲဝန်ထမ်း ၅၂ ဦးဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့တာဖြစ်ပြီး အဲဒီရဲဝန်ထမ်းတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သန္ဓေရဲတွေ မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းအတွက် စုဖွဲ့ခန့်ထားတဲ့ ခေတ္တရဲတွေသာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ငြင်းချက်ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ အခုဆိုရင် အချိန်နှစ်လခွဲကျော် ကြာမြင့်လာခဲ့ပါပြီ။

ကယားပြည်နယ် လွိုင်ကော်မြို့မှာဆိုရင် စစ်အာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက အင်အားသုံးဖြိုခွဲတာတွေရှိနေပေမယ့် ဆန္ဒပြပွဲတွေကတော့ ရပ်တန့်မသွားဘဲ ဒီနေ့အထိ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

RFA Burmese



ကယားက CDM ရဲဝန်ထမ်းတွေ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြော ကယားက CDM ရဲဝန်ထမ်းတွေ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြော Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.