အခါကြီးရက်ကြီးမှာသွေးစွန်းခဲ့ရတဲ့မြစ်ငယ်မြို့

မြစ်ငယ်မီးရထားဝန်ထမ်းတွေရဲ့ညဘက်မီးထွန်းသပိတ်

သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အကျနေ့ ၂ ရက်ဟာ မြစ်ငယ်မြို့အတွက်တော့ သွေးစွန်းတဲ့ ရက်နှစ်ရက်ဖြစ်ခဲ့ရပါပြီ။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေ ၃ နာရီခွဲအချိန်လောက်မှာ တမြို့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကားတွေ မြို့ထဲဝင်လာလို့ပါ။ တခြားမြို့တွေမှာ စစ်ကားတွေ ဝင်လာပြီးရင် ဘာတွေဖြစ်ပျက်တတ်တယ်ဆိုတာ သတင်းတွေကြားသိကြပြီး ဖြစ်တာမို့ မြစ်ငယ်မြို့သူမြို့သား အများအပြားဟာ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

ဓာတ်တိုင်တွေမှာစစ်တပ်ကစာကပ်

ပထမတော့ စစ်ကားတွေက ဓာတ်တိုင်တွေမှာ စာတွေလိုက်ကပ်ပါတယ်။ သူတို့ဖမ်းဆီးလိုသူတွေရဲ့ ဓာတ်ပုံလိုက်ကပ်ပါတယ်။ အဲဒီနောက်မှာတော့ မြို့သူမြို့သားတွေရဲ့ အခေါ်အရ ဒလန်ဆိုသူတွေက လမ်းပြခေါ်ဆောင်ပြီး ကျောင်းသစ်ဘုန်းကြီးကျောင်းဆီ စစ်ကားတွေ မောင်းနှင်သွားခဲ့တယ်လို့ မီးရထားဝန်ထမ်းတဦးဖြစ်သူ ဦးထွန်းထွန်းအောင်က ပြောပါတယ်။

သူတို့ဘာကို လိုချင်လို့ ကျောင်းသစ်ဘုန်ကြီးကျောင်းဆီကို သွားတာပါလဲ။

ဘုန်းကြီးကျောင်းကရိက္ခာတွေကိုစစ်တပ်ကသိမ်း

မြစ်ငယ်မြို့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လုပ်တဲ့သူတွေကို CDM အဖွဲ့ကပဲ အလှူခံပြီး ဆန်ဆီရိက္ခာ ထောက်ပံ့ပေးနေပါတယ်။ မြစ်ငယ် CDM အဖွဲ့ဟာ မီးရထားအလုပ်သမား ၁၅၀၀ နဲ့အတူ ဆင်းရဲနွမ်းပါးတဲ့ တခြားဝန်ထမ်းတွေ၊ CDM အတွက် ဝိုင်းဝန်းကူညီသူတွေကို ဆန်၊ ဆီ၊ ရိက္ခာ လှူဒါန်းထောက်ပံ့ပေးနေတဲ့ အကြောင်း CDM ခေါင်းဆောင် တဦးဖြစ်သူ လက်ထောက်အင်ဂျင်နီယာ ဦးဌေးလင်းက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

အဲဒီလူမှုကွန်ရက် သတင်းကို စစ်တပ်က သို့မဟုတ် ဒလန်ကသိသွားတဲ့အတွက် ဆန်၊ ဆီ၊ ရိက္ခာတွေ သိုလှောင်ထိန်းသိမ်းထားတဲ့ ကျောင်းသစ်ကျောင်းဆီ ချီတက်သွားတာဖြစ်မယ်လို့ CDM ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းဦးက ခန့်မှန်းပါတယ်။

စစ်ကားတွေဟာ ကျောင်းသစ်ဘုန်းကြီးကျောင်းကို သွားရောက်ပြီး ဆန်၊ ဆီ၊ ရိက္ခာတွေကို သိမ်းပါတယ်။ CDM ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဌေးလင်းကို ရှာမရလို့ ဦးဌေးလင်းရဲ့ မိဘနှစ်ပါးကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပါတယ်။

မိဘတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဦးဌေးလင်းက ထွက်အဖမ်းခံလိုက်ရပါတယ်။ ဆန်၊ ဆီ၊ ရိက္ခာတွေ သယ်ဆောင်ပြီး ထွက်လာတဲ့ စစ်တပ်ထရပ်ကားတွေကို တားဆီးဖို့ ကြိုးစားတဲ့အရပ်သားတယောက်ကို ကျောင်းသစ်ကျောင်းအဝနားမှားပဲ စစ်ကားက တိုက်ချသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကားနဲ့အတိုက်ခံရသူဟာ ခေါင်းကွဲသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ နောက်ပိုင်းမှာ အဲဒီလူ သေဆုံးသွားတယ်လို့ သတင်းထွက်ပေါ်ပေမဲ့ တိတိကျကျ အတည်မပြုနိုင်ပါဘူး။

စစ်ကားတွေလမ်းပေါ်သွားလာနေတာကို အိမ်ထဲကချောင်းမြောင်းရိုက်ကူးထားပုံ

ရဲစခန်းအနီးမှာ ပစ်ခတ်မှုစတင်

ဦးဌေးလင်းကို ဖမ်းဆီးသွားပြီး ရိက္ခာတွေကို သိမ်းယူသွားတဲ့အတွက် လူထုက ရဲစခန်းမှာသွားရောက် အရေးဆိုကြတဲ့အခါ ရဲနဲ့ စစ်တပ်က စတင်ပစ်ခတ်ခဲ့ကြပါတယ်။ လူထုက လေးခွနဲ့ ပြန်ပစ်ကြပါတယ်။ တချို့မြို့တွေမှာလို တူးမီး၊ ဒူးလေး၊ ဓာတ်ငွေ့သေနတ်တွေတောင် ကိုင်ဆောင် မထားကြဘဲ လေးခွသက်သက်နဲ့သာ ပြန်လည်ခုခံကြတာကို လူမှုကွန်ရက်မှာ တက်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဘီဘီစီက တွေ့ရပါတယ်။

စစ်တပ်လက်ချက်ကြောင့်သေဆုံးခဲ့သူများ

သင်္ကြန်အကြိုနေ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ယောက်ရှိတယ်လို့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်သူ ယဥ်ယဥ်က ဘီဘီစီကို ပြောပါတယ်။

ရန်ကင်းရပ်ကွက်ထဲက သေဆုံးသူနှစ်ဦးဟာ အသက် ၄၆ နှစ်အရွယ် ဦးဇော်ဝင်းနိုင်နဲ့ အသက် ၃၀ နှစ်ဝန်းကျင် အရွယ်ရှိသူ ကိုအောင်ချစ်သူတို့ ဖြစ်ကြပါတယ်။ တချို့က ကိုချစ်မင်းသူလို့လည်း ပြောကြပါတယ်။ သူတို့နှစ်ဦးရဲ့ နာရေးစျာပနကို ရန်ကင်းရပ်ကွက်မှာပဲ ပြုလုပ်ခဲ့တဲ့အတွက် လူအများအပြားက ထင်ထင်ရှားရှားသိရှိခဲ့ကြပါတယ်။ ဦးဇော်ဝင်းနိုင်က ရင်ဘတ်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး ကိုအောင်ချစ်သူ သို့မဟုတ် ကိုချစ်မင်းသူကတော့ ဗိုက်မှာ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။

ကျန်တဲ့သူတွေကတော့ ကျေးရွာတွေက ဖြစ်ပြီး ရွာကလူတွေရဲ့ ဖုန်းဆက်အသိပေးချက်အရ ယဥ်ယဥ်က သိရှိထားကြောင်း ပြောပါတယ်။ မြစ်လောင်းရွာက သေဆုံးသူရဲ့အလောင်းကိုတော့ စစ်တပ်က သိမ်းယူသွားတဲ့ အတွက် အလောင်းပြန်မရဘူးလို့ဆိုပါတယ်။ ဓနုံးရွာက ၂ ယောက်သေဆုံးခဲ့ပါတယ်။ ဥယျာဥ်တော်ရွာ ၁ ယောက်သေဆုံးပါတယ်။ နောက်ထပ်သေဆုံးသူတယောက်ကတော့ ဘယ်ရပ်ဘယ်ရွာကဆိုတာ အခုထိသေသေချာချာ မသိရသေးဘူးလို့ဆိုပါတယ်။ အဲဒီသေဆုံးမှုအားလုံးကို သေဆုံးတဲ့ရွာတွေရဲ့ ရွာခံတွေက မယဥ်ယဥ်ကို ကိုယ်တိုင် ဖုန်းဆက်အတည်ပြုပေးထားတယ်လို့ဆိုပါတယ်။

သင်္ကြန်အကြိုနေ့ သေဆုံးမှုတွေအနက် အခိုင်မာဆုံးသိရှိရတဲ့သေဆုံးမှုကတော့ ရန်ကင်းရပ်ကွက်က ၂ ဦးဖြစ်ပါတယ်။ ကျေးရွာဘက်က သေဆုံးသူတွေရဲ့ အမည်နာမတွေကို မသိရှိရပါဘူး။ ယဥ်ယဥ်ရဲ့ အတည်ပြုချက်ကိုသာရရှိပြီး တခြားသတင်းရင်းမြစ်ရဲ့ ထပ်ဆင့် အတည်ပြုချက်မျိုးမရပါဘူး။ ကျေးရွာကလူတွေ ဖြစ်တဲ့အတွက် မြို့ပေါ်က အသိနည်းကြပါတယ်။

ဘီဘီစီက မြစ်ငယ်မြို့ခံ ၁၀ ယောက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မြို့သူမြို့သားအများစုဟာ အပြင်မထွက်ရဲကြတဲ့အတွက် တချို့သတင်းတွေဟာ အတည်ပြုဖို့ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ အဓိကမျက်မြင်ပုဂ္ဂိုလ် ၃ ဦးက ဦးထွန်းထွန်းအောင်၊ ဦးဝင်းဦးနဲ့ ယဥ်ယဥ်တို့ ဖြစ်ကြပြီး သူတို့ကလည်း အမှုအခင်းဖြစ်ပွားတဲ့နေရာ အားလုံးရဲ့ မျက်မြင်သက်သေတွေတော့ မဟုတ်ကြပါဘူး။

ထွက်ပြေးဖို့တောင်အခွင့်မသာ

ဦးထွန်းထွန်းအောင်နဲ့ မိသားစုဟာ ဧပြီလ ၁၃ ရက်သင်္ကြန်အကြိုနေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ထွက်ခွင့်မသာခဲ့ဘူးလို့ဆိုပါတယ်။

“မနေ့ကတည်းက ကျွန်တော်က မြစ်ငယ်မှာမနေတော့ဘူးလို့ဆုံးဖြတ်ပြီး ထွက်ပြေးဖို့ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမဲ့ ထွက်ဖို့လုပ်တဲ့အချိန်မှာ လမ်းပေါ်က စစ်သားတွေက သေနတ်နဲ့သုံးချက်လှမ်းပစ်လို့ မထွက်နိုင်ဘဲ အိမ်ထဲပြန်ဝင်ခဲ့ရပါတယ်။ တညလုံးရင်တထိတ်ထိတ်နဲ့ အချိန်ကုန်ခဲ့ရပြီး မနက်လင်းတော့မှ ထွက်လာတာပါ။ ကျွန်တော်ထွက်လာတုန်းကတော့ လူတွေ တော်တော်များများကျန်ပါသေးတယ်။ အခုတော့ သိပ်မကျန်တော့ဘူးလို့ ကြားရပါတယ်” လို့ မီးရထားဝန်ထမ်းဦးထွန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

မြစ်ငယ်မီးရထားရပ်ကွက်တွေမှာ မီးရထားဝန်ထမ်းတွေအပြင် ကျူးကျော်အိမ်ရာတွေလည်း ရောနှောရှိနေကြပါတယ်။ ကျူးကျော်ဆင်းရဲသားတွေအတွက်တော့ တိမ်းရှောင်စရာနေရာ ပိုပြီး အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ငယ်မီးရထားဝန်ထမ်းအိမ်ရာ

သင်္ကြန်အကျနေ့ပစ်ခတ်မှု

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာတော့ ပစ်ခတ်မှုက ပိုမိုပြင်းထန်ပါတယ်။ သဇင်ရပ်ကွက်၊ စပယ်ရပ်ကွက်၊ ရင်တော်စံကျေးရွာတို့မှာ ပစ်ခတ်မှု အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ အဆိုးဝါးဆုံးပစ်ခတ်မှုတွေက သဇင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်။

သဇင်ရပ်ကွက်မှာ ပစ်ခတ်မှုကြောင့် လူငယ်တယောက်သေဆုံးခဲ့တယ်လို့ ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့သူ မြစ်ငယ်မြို့သားလူငယ်တဦးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။ ယဥ်ယဥ်ကလည်း အဲဒီသေဆုံးမှုကို သူသိရှိကြောင်းထပ်မံအတည်ပြုပါတယ်။ သေဆုံးသူရဲ့အမည်ကိုတော့ မသိရသေးပါဘူး။

တခြားလူငယ် တယောက်ကိုတော့ ဖမ်းမိပြီးမှ သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ လူငယ်ကိုမှောက်လျက်ထား၊ ခေါင်းပေါ်ရေလောင်းပြီး ဗွက်အိုင်ထဲမှာ ခေါင်းပေါ်ခြေထောက်နဲ့နင်းသတ်ခဲ့တယ်လို့ လူအများအပြားက ပြောဆိုကြပါတယ်။ လူတယောက်မှောက်လျက်လဲနေပြီး ခေါင်းပေါ်ရေလာင်းထားတဲ့ပုံကို ဘီဘီစီက မြစ်ငယ်မြို့နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြည့်ခဲ့ရပါတယ်။

သူနာပြုအဖွဲ့ဝင်တဦးလည်း ဆေးတပ်သားဝတ်စုံဝတ်ဆင်ထားပေမဲ့ အပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းကြားသိရကြောင်း ဦးဝင်းဦးက ဘီဘီစီကို ပြောပါတယ်။ အဲသလို ဆေးတပ်သားတယောက် အပစ်ခတ်ခံရတာကို ယဥ်ယဥ်ကလည်း တွေ့မြင်လိုက်တယ်လို့ဆိုပါတယ်။ အဝေးကနေသာမြင်လိုက်ရတဲ့အတွက် ကျား၊ မ၊ အသက်အရွယ်မခန့်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီဆေးတပ်သားကို မန္တလေးတိုင်းလို့ စာတန်းထိုးထားတဲ့ ယာဥ်တစီးနဲ့ တင်ဆောင်သွားတာကို မြင်လိုက်ရပေမဲ့ အဲဒီယာဥ်ဟာ ဘာယာဥ်အမျိုးအစားလဲ၊ ရဲတပ်ဖွဲ့ရဲယာဥ်လား၊ ဆေးတပ်ဖွဲ့ရဲ့ယာဉ်လားဆိုတာကိုတော့ သေသေချာချာ ခွဲခြားမသိရှိဘူးလို့ဆိုပါတယ်။

၂ ရက်အတွင်းမှာ ဒဏ်ရာရသူ ၄၀ ထက်မနည်းရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ၂ ရက် အတွင်း အဖမ်းဆီးခံရသူ ၄၁ ယောက်ရဲ့အမည်စာရင်းကိုလည်း ဘီဘီစီက လက်ခံရရှိထားပါတယ်။

ဘာ့ကြောင့် ပြင်းပြင်းထန်ထန်ပစ်ခတ်နှိမ်နင်းသလဲ

မီးရထားဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ အတက်ကြွဆုံး၊ ဇွဲအရှိဆုံး၊ ပင်ပန်းဆင်းရဲမှုဒဏ်ကို အခံနိုင်ဆုံး လှုပ်ရှားသူတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ကို ပစ်မှတ်ထားနှိမ်နင်းတာဖြစ်ပုံရတယ်လို့ မီးရထားဝန်ထမ်း တဦးဖြစ်သူ ဦးထွန်းထွန်းအောင်က သုံးသပ်ပါတယ်။

ရန်ကုန်မြို့ စက်ဆန်းမီးရထားဝန်ထမ်းတွေ၊ မန္တလေးမြို့မှာရှိတဲ့ မီးရထားဝန်ထမ်းတွေနဲ့ ကောလင်းမီးရထားဝန်ထမ်းတွေကိုလည်း ဖိနှိပ်ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ မြစ်ငယ်မီးရထား CDM ခေါင်းဆောင်တွေ၊ ဝန်ထမ်းအကြီးအကဲတချို့နဲ့ ဝန်ထမ်းအမြောက်အမြားဟာလည်း အခုအခါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဧပြီလ ၁၂ ရက်နေ့က ဓနုံးကျေးရွာမှာရှိတဲ့ ဒေသခံတွေရဲ့အခေါ် ဒလန်ဆိုသူ ၁ ယောက်ဟာလည်း လက်သည်မပေါ်ဘဲ ဓားနဲ့အခုတ်ခံခဲ့ရပါတယ်။ အသက်တော့ မသေဘူးလို့ဆိုပါတယ်။

မြစ်ငယ်ရပ်ကွက်တခုရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ်ခန့်ထားခံရသူ ဒေါ်သက်သက်ချိုကိုလည်း ရပ်ကွက်နေလူထုက နှင်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဥ်တွေဟာ အခုစစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ ဘယ်သူမှမသိကြပါဘူး။ စစ်တပ်နဲ့ရဲကလည်း အဲဒီအဖြစ်အပျက်တွေကို ရည်ညွှန်းပြောဆိုတာမျိုး မရှိပါဘူး။ ထူးခြားတဲ့အကြောင်းပြချက် မည်မည်ရရ မရှိဘဲ မြန်မာတနိုင်ငံလုံးမှာ လူထုလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အလှည့်ကျ နှိမ်နင်းပစ်ခတ်တာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်တယ်လို့ ဦးထွန်းထွန်းအောင်ကဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56754063

အခါကြီးရက်ကြီးမှာသွေးစွန်းခဲ့ရတဲ့မြစ်ငယ်မြို့  အခါကြီးရက်ကြီးမှာသွေးစွန်းခဲ့ရတဲ့မြစ်ငယ်မြို့ Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.