ဒီမိုကရေစီရေးအတွက် အသက်စွန့်သွားရသူ လူငယ်များ

စစ်တပ်နဲ့ ရဲရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း သေဆုံးခဲ့ရသူ လူငယ် ၃ ဦး

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေ အရှိန်မြှင့် လုပ်လာတာကြောင့် သေဆုံးသူ အရေအတွက်ကလည်း ပိုတိုးလာနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( မြန်မာနိုင်ငံ)က ပြုစုထားတဲ့စာရင်း အရ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ အရေအတွက်က ၇၀၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့သူတွေ ရှိသလို ကိုယ့်အိမ်ထဲမှာ ကိုယ်နေနေလျက်သားနဲ့ ပစ်သတ်ခံခဲ့ရတဲ့ ကလေးငယ်တွေလည်း ပါနေတာကို တွေ့ရပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူ လူငယ်လေး ၃ ဦးရဲ့ ဘဝဇာတ်ကြောင်း၊ သူတို့ရဲ့ နောက်ဆုံးအချိန်တွေအကြောင်း ကျန်ရစ်သူ မိသားစုတွေကို ဘီဘီစီက မေးမြန်းခွင့် ရခဲ့ပါတယ်။

TikTok မှာ ဒီမိုကရေစီသီချင်းတွေ ဆိုခဲ့သူ

အသက် ၁၄နှစ် အရွယ်သာ ရှိသေးတဲ့ ပန်းအိဖြူဟာ ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွ ထောက်ခံသူ တစ်ယောက် ဖြစ်ပြီး TikTok မှာ ဒီမိုကရေစီသီချင်းပေါင်း မြောက်များစွာ သီဆိုတင်ဆက်ခဲ့သူ ဖြစ်ပါတယ်။

အမေဖြစ်သူ ဒေါ်သီတာစန်းက သမီးကို စိုးရိမ်လို့ လမ်းပေါ်ထွက် ဆန္ဒပြခွင့် မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီလို တားထားခဲ့တာတောင်မှ သမီးကို အသက်ဘေးကနေ မကယ်နိုင်ခဲ့ပါဘူး။

မတ်လ ၂၇ ရက်နေ့မှာ စစ်သားတွေရဲ့ လိုက်ပစ်လို့ ထွက်ပြေးလာကြတဲ့ ဆန္ဒပြသူတွေကို တံခါးဖွင့်ပေးဖို့ လုပ်နေရင်း သူ့အိမ်ထဲမှာပဲ ပန်းအိဖြူ သေနတ်ထိမှန် သေဆုံးခဲ့ရပါတယ်။

အဲဒီနေ့မှာ သူ့လို ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၁၄ ဦးထက် မနည်း သေဆုံးခဲ့ပြီး ဒါဟာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးကတည်းက လူအသေအပျောက် အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။

"ရုတ်တရက် သူလဲကျသွားတော့ ချော်လဲကျသွားတာလို့ပဲ ထင်လိုက်မိတယ်။ ဒါပေမယ့် သူ့ကျောက သွေးတွေထွက်လာတာ မြင်လိုက်ရတော့မှ သေနတ်မှန်သွားပြီဆိုတာ သိလိုက်တယ်"လို့ သူ့အမေ ဒေါ်သီတာစန်းက မျက်ရည်တွေကျရင်း ဘီဘီစီကို ပြောပြပါတယ်။

Pan Ei Phyu

စစ်အာဏာသိမ်းခဲ့ပြီးကတည်းက လူအသေအပျောက် အများဆုံး ဖြစ်ခဲ့တဲ့ မတ်လ ၂၇ ရက်မှာ ပန်းအိဖြူ သူ့အိမ်ထဲမှာ သေနတ်ထိမှန် သေဆုံးခဲ့

ကျွန်မသမီးလေး မွေးတုန်းက ပန်းကလေးလို နုအိနေလို့ သူ့ကို ပန်းအိဖြူ ဆိုတဲ့ နာမည်ပေးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

သူ့သမီးက အိမ်မှုကိစ္စတွေ ကူလုပ်ပေးတတ်သလို သူကြီးလာရင် မိဘမဲ့ ကလေးဂေဟာတစ်ခု ဖွင့်မယ် ဆိုပြီး ပြောလေ့ရှိတယ်လို့ ဒေါ်သီတာစန်းက ပြန်ပြောပြပါတယ်။

"သမီးမရှိတော့တဲ့ဘဝမှာ လူ့လောကထဲ နေချင်စိတ် မရှိတော့ပါဘူး။ သမီးအစား ကျွန်မပဲ သေလိုက်ချင်ပါတယ်"လို့ သူက ပြောပါတယ်။

ပန်းအိဖြူ သေဆုံးခဲ့မှုဟာ သူ့ရဲ့ မောင်လေး စိုင်းစိုင်း အပေါ်မှာလည်း အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ စိုင်းစိုင်းလေးဟာ သူ့အစ်မ ဆုံးတဲ့ ညက တစ်ညလုံး မအိပ်ဘဲ အစ်မရဲ့ TikTok တွေကို ထိုင်ကြည့်နေခဲ့တယ်" လို့ ဒေါ်သီတာစန်းက ပြောပြပါတယ်။

သူ့သမီး ဆုံးခဲ့ချိန်ကစလို့ သူတို့မိသားစု အဲဒီအိမ်ကနေ ပြောင်းခဲ့ကြပါတယ်။ သူတို့မိသားစုအပေါ် နောက်ထပ် ဘေးအန္တရာယ် ထပ်ကျလာမှာကို ဒေါ်သီတာစန်းက စိုးရိမ်နေတာပါ။

"ကျွန်မတို့ဘဝက မလုံခြုံတော့ပါဘူး"

ရွှေပန်းထိမ်သင်တန်းတက်ရင်း ပျော်ပျော်နေတတ်သူ

မောင်ဇင်မင်းထက်ဟာ သူ့မိသားစုမှာ အငယ်ဆုံး ဖြစ်ပါတယ်။

အသက်၂၃ နှစ်အရွယ် ကိုဇင်မင်းထက်ဟာ သူငယ်ချင်းတွေကို အမြဲ ကူညီရိုင်းပင်းလေ့ ရှိသူပါ။

"သူ့မှာ ငွေအခက်အခဲ ဘယ်လောက်ရှိရှိ၊ သူငယ်ချင်းတွေ ငွေဒါမှမဟုတ် တစ်ခုခု လိုတယ်ဆိုရင် အမြဲကူခဲ့တဲ့သူပါ။ ပြီးတော့ သူဟာ စိတ်ကောင်းရှိပြီး အမြဲပြုံးနေတတ်သူပါ" လို့ ကိုဇင်မင်းထက်ရဲ့ သူငယ်ချင်း ကိုစိုင်းက ဘီဘီစီကို ပြောပြပါတယ်။

မတ်လ ၈ ရက်နေ့က ကိုဇင်မင်းထက်ဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုမှာ တခြားဆန္ဒပြသူတွေကို သပိတ်စစ်ကြောင်းထိပ်ကနေ ဒိုင်းနဲ့ အကာအကွယ်ပေးနေတုန်း ဦးခေါင်းကို ကျည်ဆံထိမှန် သေဆုံးခဲ့တာပါ။

သူသေနတ်ပစ်ခံရတယ်လို့ ကြားကြားချင်း သူ့အမေ ဒေါ်ဥမ္မာက ဆေးရုံကို အမြန်လိုက်သွားခဲ့ပါတယ်။

"အမေလို့ သူ့ပါးစပ်က ခေါ်လိုက်တာကို နောက်ဆုံးအနေနဲ့ ကြားချင်ခဲ့ပေမဲ့ မကြားလိုက်ရပါဘူး။ သူ့တစ်ကိုယ်လုံး သွေးတွေအလိမ်းလိမ်းနဲ့ ကြည့်ရက်စရာ မရှိခဲ့ပါဘူး။ "သွေးထွက်လွန်နေပြီဆိုတော့ ဖြူဖပ် ဖြူရော်နဲ့ တကိုယ်လုံး အေးစက်နေတယ်"လို့ ဒေါ်ဥမ္မာက ဘီဘီစီကို ပြောပြပါတယ်။

"ဘာပြောနိုင်မှာလဲ။ သိပ်ကို ရက်စက်၊ ကြမ်းကြုတ်လွန်းပါတယ်။ အဲဒီအချိန်က ကျွန်မသားရဲ့ အလောင်းကို အိမ်ကို အမြန်ဆုံး ပြန်သယ်လာဖို့ပဲ ကျွန်မခေါင်းထဲမှာ ရှိတယ်"

Zin Min Htet

ကိုဇော်မင်းထက်ဟာ သူ့အမေလက်ရာ ထမင်း၊ဟင်းတွေကို အရမ်းကြိုက်ပြီး သူငယ်ချင်းတွေကိုလည်း အိမ်ခေါ်လာပြီး ကျွေးလေ့ ရှိပါတယ်။

မိသားစုမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သား ဖြစ်တဲ့ ကိုဇင်မင်းထက်ဟာ ရွှေပန်းထိမ် သင်တန်း တက်နေတာ ၃ နှစ် ရှိပါပြီ။

ဝင်ငွေ အလုံအလောက် ရတာနဲ့ အမေ့ကို အိမ်ဝယ်ပေးမယ်လို့ သားက ကတိပေးထားတယ်လို့ ဒေါ်ဥမ္မာက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

"ကျွန်မသားက တစ်ခုခုကို ကြိုတွေးပြီး ပူတတ်တဲ့သူ မဟုတ်ဘူး။ ကျွန်မကိုလည်း တစ်ခါမှ စိတ်အနှောင့်အယှက်ပေးတာမျိုး၊ စိတ်ဆင်းရဲအောင် လုပ်တာမျိုး မရှိခဲ့ပါဘူး။ ကျွန်မချက်တဲ့ဟင်းတွေကိုလည်း သူအရမ်းကြိုက်တယ်။ ကျွန်မချက်တာကလွဲလို့ ဘယ်သူချက်တာမှ သူမစားဘူး။ သူ့ သူငယ်ချင်းတွေကိုပါ အိမ်ခေါ်လာပြီး ကျွန်မလက်ရာတွေကို ဖိတ်ကျွေးလေ့ ရှိတယ်"

သူဆုံးမယ့်နေ့က ကိုဇင်မင်းထက်ဟာ သူအမေကို သူအလုပ်သွားမယ်လို့ ပြောသွားခဲ့တာပါ။ အဲဒီနေ့ မတိုင်ခင် တစ်ညက သူ့ကို ဆန္ဒပြပွဲတွေမှာ မပါဖို့ အမေက တားခဲ့လို့ လိမ်ပြောပြီး ထွက်ခဲ့တာပါ။

ဘာဘဲဖြစ်ဖြစ် သူ့သားဟာ သူလုပ်ချင်တာကို လုပ်ရင်း သေသွားခဲ့ရတာမို့ ဖြေသာပါတယ်လို့ ဒေါ်ဥမ္မာက ပြောပါတယ်။

ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ့သားဟာ သူလုပ်ချင်တာကိုလုပ်ပြီး သေခဲ့ရတာလို့ ပြောပါတယ်။

"ကျွန်မသားအတွက် ဂုဏ်ယူပါတယ်။ သူက သူရဲကောင်း တစ်ယောက်ပါ။ တိုင်းပြည်အတွက် ပေးဆပ်ဖို့ အရမ်းကို စိတ်ထက်သန်ခဲ့တာလေ"

"သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ ကျွန်မသားအတွက် ဂုဏ်ယူတယ်။ သူက တိုင်းပြည်အတွက် တတ်နိုင်သလောက်ပေးဆပ် ဖို့ အရမ်းစိတ်အားထက်သန်ခဲ့ တာ" လို့ ထပ်ဖြည့်ပြောပါတယ်။

မိန်းမရှေ့တင် ပစ်သတ်ခံခဲ့ရတဲ့ တက္ကဆီကားဆရာ

ကိုဟိန်းထွဋ်အောင် သေဆုံးခဲ့လို့ အများက ဝမ်းနည်းမဆုံး ဖြစ်နေ

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကိုဟိန်းထွဋ်အောင်နဲ့ သူ့ဇနီး မဇင်မာတို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြဖို့ ထွက်လာခဲ့ကြပါတယ်။

သူတို့ဇနီးမောင်နှံဟာ အလုပ်ပြီးချိန်တိုင်း ဆန္ဒပြပွဲတွေမှာ ဝင်ဆန္ဒပြပြီးမှ အိမ်ပြန်လာလေ့ရှိပါတယ်။ အဲဒီနေ့ကတော့ မဇင်မာ တစ်ယောက်ပဲ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။

အဲဒီနေ့က ဆန္ဒပြပွဲကို သူတို့ဇနီးမောင်နှံ ဘတ်စ်ကားနဲ့ သွားခဲ့ကြတာပါ။ စစ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် သူတို့စီးလာတဲ့ ဘတ်စ်ကား ရှေ့ဆက်သွားလို့ မရတော့ဘဲ ခရီးသည်တွေလည်း အကုန်ဆင်းပြေးခဲ့ရပါတယ်။

"လမ်းဖြတ်ကူးနေတုန်းမှာ သူသေနတ်မှန်သွားခဲ့တာပါ။ ကျွန်မတို့နဲ့ မလှမ်းမကမ်းမှာ ဆန္ဒပြသူတချို့က သေနတ်ရန်ကနေ ကာကွယ်ဖို့ လမ်းမတွေပေါ်မှာ အမှိုက်ပုံးတွေ၊ သံဆူးကြိုးတွေနဲ့ တားဆီး ပိတ်ဆို့ထားပါတယ်"

"သူ့ကို ထိသွားပြီလို့ အော်တော့ သူ့ရင်ဘတ်မှာ သွေးတွေ တွေ့လိုက်ရတယ်။ ဒါနဲ့ ကျည်ထိထားတဲ့နေရာကို သွေးမထွက်အောင် ကျွန်မလက်နဲ့ ဖိထားပေးခဲ့တယ်"လို မဇင်မာက ပြောပြပါတယ်။

သူ့ကို ဆေးရုံ အမြန်ပို့ခဲ့ပေမဲ့ အသက်မမီခဲ့ပါဘူး။

ကိုဟိန်းထွဋ်အောင် ဟာ မော်တော်ဆိုင်ကယ် အငှားလိုက်ဆွဲပေးသူ ဖြစ်တဲ့အတွက် အနီးပတ်ဝန်းကျင်က လူတွေအားလုံး သူ့ကို သိကြပါတယ်။

"သူက ရိုးရိုးရှင်းရှင်း နေတဲ့သူ တစ်ယောက်ပါ။ စကားလည်း သိပ်မပြောဘူး။ အားတဲ့အချိန်ဆိုရင် ဖုန်းတစ်လုံးနဲ့ ဂိမ်းတွေပဲ ဆော့နေတတ်တာ။ ရိုးရိုးသားသားနဲ့ ငွေရှာပြီး မိသားစုကို စောင့်ရှောက်နေတဲ့သူပါ" လို့ အိမ်နီးချင်းတစ်ယောက်က ပြောပြပါတယ်"

သူတို့လင်မယားဟာ အွန်လိုင်းပေါ်ကနေ ချစ်ကြိုက်ခဲ့ကြပြီး အိမ်ထောင်သက်က ၅ နှစ်ရှိပါပြီ။ တောင်ဒဂုံမြို့နယ်ထဲမှာ နေပြီး ဘဝကို အေးအေးချမ်းချမ်း တည်ဆောက်နေသူတွေ ဖြစ်ပါတယ်။

"ကျွန်မတို့နှစ်ယောက်က ဘယ်သွားသွား၊ အမြဲ အတူတူပဲ။ သူ့ကို အရမ်းလွမ်းနေတယ်"လို့ မဇင်မာကပြောပါတယ်။

အခုတော့ မဇင်မာဟာ စစ်အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ သူဆက်တိုက်ပွဲဝင် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

"စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အသက်ကို စတေးခဲ့သူတွေရဲ့ မိသားစုတွေကို ကျွန်မအရမ်းကို လေးစားပါတယ်။ ဆက်တောင့်ခံသွားကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။ ကျွန်မလည်း ကျွန်မခင်ပွန်းကို ဆုံးရှုံးခဲ့ရသူ ဆိုတော့ သူတို့လိုပဲ ထပ်တူ ခံစားရပါတယ်"

"ဒါပေမဲ့ ကျွန်မတို့ ရပ်လိုက်လို့ မရပါဘူး။ နောက်ပြန်လှည့်လို့လည်း မဖြစ်ပါဘူး။ အဲဒီလို လုပ်လိုက်ရင် နောက်ထပ် လူတွေ ထပ်သေရဖို့ ရှိနေပါတယ်"


BBC Burmese

https://www.bbc.com/burmese/burma-56716203

ဒီမိုကရေစီရေးအတွက် အသက်စွန့်သွားရသူ လူငယ်များ  ဒီမိုကရေစီရေးအတွက် အသက်စွန့်သွားရသူ လူငယ်များ Reviewed by THITHTOOLWIN on 05:39 Rating: 5

No comments:

Powered by Blogger.