သြဇာအရှိန်အဝါသုံးပြီး မြန်မာနိုင်ငံအရေး ဖြေရှင်းကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်

မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမှာ မစ္စတာ ဂူတာရက်စ်က အာဆီယံနဲ့ ဆက်ဆံရေးအကြောင်း ပြောစဉ်မှာ သံတမန်ရေး၊ ပဋိပက္ခတားဆီးရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတွေမှာ အာဆီယံအဖွဲ့ရဲ့ အရေးပါပုံတွေကို မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးတကြီး အခြေအနေကြောင့် အခုချိန်မှာ အာဆီယံရဲ့ အခန်းကဏ္ဍဟာ ပိုလို့တောင် အရေးပါလာနေတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှု၊ ဖိနှိပ်မှုတွေ အဆုံးသတ်သွားစေရေးအတွက် အပြန်အလှန် ဆက်သွယ်ရေးလမ်းကြောင်းတွေကနေ တဆင့် အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို သူအကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

"အခုအခြေအနေဟာ နိုင်ငံတကာရဲ့ တက်တက်ကြွကြွ တုံ့ပြန်မှုကို အခြေခံပြီး ဒေသတွင်းမှာ အတူကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်နေတာမို့ ကုလသမဂ္ဂနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ဖို့က သိပ်ကို အရေးပါတယ်"လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

အခြေအနေတွေ နောက်ထပ် ဆိုးမလာဖို့နဲ့ ဒီအန္တရာယ်ဆိုးကြီးကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ ရုန်းထွက်နိုင်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေ အနေနဲ့ သြဇာအရှိန်အဝါကို သုံးပြီး ဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတီး ဘာဂနာလည်း ဒေသတွင်းမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်ရလာစေရေးအတွက် စစ်ခေါင်းဆောင်တွေနဲ့ရော ကျန်တဲ့သူတွေနဲ့ပါ ဆွေးနွေးပြောဆိုမှုတွေ ပြန်စဖို့ အဆင်သင့် ရှိနေတယ်လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

မြန်မာနိုင်ငံအရေး ဆွေးနွေးပြောဆိုဖို့ လာမယ့် ဧပြီလ ၂၄ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ရှိပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

သြဇာအရှိန်အဝါသုံးပြီး မြန်မာနိုင်ငံအရေး ဖြေရှင်းကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်  သြဇာအရှိန်အဝါသုံးပြီး မြန်မာနိုင်ငံအရေး ဖြေရှင်းကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းလိုက် Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.