ဖားကန့်၊ ဧပြီ ၃-၂၀၂၁
ဖားကန့်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ မနက်ပိုင်းအချိန်က စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီနေရာကို ဒီနေ့ ဧပြီလ ၃ ရက်နေ့ကစပြီး အလံဖြူအမှတ်အသားထောင်ထားတာကို တွေ့ရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီဟာ ဆန်ခါကျေးရွာနဲ့ မဇွတ်ယန်ကျေးရွာ အကြား မြဥယျာဥ်ကျောက်မျက်ကုမ္ပဏီဖြစ်ပြီး အဲ့ဒီနေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အလံဖြူထောင်ရတာက ကုမ္ပဏီအနေနဲ့ စစ်နဲ့မပါတ်သတ်ဘူးဆိုတာကို သိရအောင် ဆောင်ရွက်ထားတာပါ"လို့ ရတနာရွှေအိတ် ကျေက်မျက်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကုမ္ပဏီက ပျက်ဆီးဆုံးရှုံးမှုတွေလည်းရှိခဲ့ပြီး ဝန်ထမ်းတွေပါ နေရပ်သို့ ပြန်သွားခဲ့ကြတယ်လို့ ဆက်ပြောပါတယ်။
အဲ့ဒီနေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် သုံးဆယ်ဦးခန့် သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုက ရေးသားဖော်ပြထားရှိပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။
ဖားကန့်ဒေသက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေအတွင်း စစ်တပ် တပ်စွဲနေရာချထားခြင်းကို လုံးဝလက်မခံဖို့နဲ့ တပ်စွဲနေရာယူလာရင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို အကြောင်းကြားဖို့၊ ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ရင် ဝန်ထမ်းတွေကို ဘေးလွတ်ရာသို့ ကြိုပို့ထားဖို့နဲ့ အဲ့ဒီနေရာကို အလံဖြူထောင်ထားဖို့ KIA တပ်မဟာ၉၊ အမှတ်၆ တပ်ရင်းက မတ်လ ၂၉ ရက်နေ့က ကြေညာချက်တခု ထုတ်ပြန်ထားပါတယ်။
ဖားကန့်မှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲကြောင့် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ဆွတ်အောင်၊ ဖဝါ၊ ငိုးပင်း၊ ကထန် စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ဘာသာရေးကျောင်းတွေကို လာရောက်ပြီူ တိုက်ပွဲရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
နောင်ရိုး
Voice of Myanmar
No comments:
Post a Comment