ရန်ကုန်ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ဖို့ အခက်ကြုံ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး

စစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေအလုပ်မဆင်း သပိတ်မှောက်ခဲ့တာကြောင့် ပိတ်ခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို၊ မြန်မာစစ်ကောင်စီက၊ အင်္ဂါနေ့ကစပြီး ပြန်ဖွင့်ဖို့ကြိုးစားစီစဉ်ခဲ့ပေမဲ့၊ အရင်လို ပုံမှန် မလည်ပတ်နိုင်ဘူးလို့၊ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

အများစု ဆရာဝန်၊ သူနာပြုနဲ့ အောက်ခြေဝန်ထမ်းတွေက၊ CDM အလုပ်မဆင်းလူပ်ရှားမူမှာပါဝင်နေတာအပြင်၊ ဆေးဝန်ထမ်းတချို့ကို ဝရမ်းထုတ်ဖမ်းဆီးလာတာကြောင့်လည်း၊ လက်ရှိပေးနေတဲ့ကုသမူအတွက်ပါ ပိုခက်ခဲသွားပြီလို့၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

အခုလို ရန်ကုန်ဆေးရုံကြီးပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့ နောက်ဆုံးအခြေအနေကို အခုလို ဆရာဝန်က စရှင်းပြပါတယ်။

“ဟုတ်ကဲ့ ဆေးရုံကြီး အခုပြန်ဖွင့်ဖို့ လုပ်နေတယ်ဆိုတာတော့ ပြင်ပလူနာဌာနလို့ ခေါ်တာပေါ့နော် OPD လေးကို ဖွင့်ဖို့ လုပ်နေတယ်ပေါ့။ အခု OPD ပြန်ဖွင့်ပြီလို့ ကျနော်လည်း Facebook ထဲမှာ ဖတ်လိုက်ရပါတယ်။ တကယ်တမ်း ဆေးရုံမှာ ဖွင့်သလား၊ လူနာတွေလာသလား သူတို့ ကြေညာတဲ့ ဆရာဝန်ကြီးတွေလာကြည့်သလား ဆိုတော့ အဲလိုမျိုးတော့ မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိသလဲ။

ဖြေ။ ။ ဆေးရုံကြီး ဖွင့်ဖို့ဆိုတာ ကျနော်တို့ဆေးရုံမှာက ward (အဆောင်) တွေလည်း အများကြီးရှိတယ်။ အဆောင်တွေလည်း အများကြီးရှိတယ်၊ နောက် ဌာနတွေလည်း အများကြီးရှိတယ် ပေါ့နော် အဲဒီ ဌာနတွေအကုန်လုံးက တံခါးပိတ် သော့ပိတ်ပြီး သွားကြတာဆိုတော့ ပြန်ဖွင့်ဖို့ဆိုတာက လွယ်လွယ်ကူကူနဲ့ ပြန်ဖွင့်လို့ ရမှာ မဟုတ်သေးပါဘူး။ နဂိုကတည်းက ကျနော်တို့ CDM လုပ်တယ်ဆိုပေမယ့် အပြင်ကို လွှတ်လို့မရတဲ့ လူနာတွေကိုတော့ ကုပေးရတယ်။ ဥပမာ- ကင်ဆာဆေးသွင်းတဲ့လူတွေ၊ ဓါတ်ရောင်ချည်နဲ့ ကုသရတဲ့လူတွေ ဘာဖြစ်လို့လဲဆိုတော့ ဒါကအဆက်မပျက်ကုရမှာလေ။ ကင်ဆာဆေးဆိုရင်လည်း ၆ လဆက်တိုက်၊ ဒါမှမဟုတ် ၉ လဆက်တိုက် သူ့ အချိန်အတိုင်းအတာနဲ့ ကုရမှာဖြစ်တယ်။ အဲဒီ လူနာတွေအတွက်တော့ OPD ပြန်ဖွင့်ပြီးတော့ ကုပေးရတာပေါ့နော် ။ ဒါပေမယ့် အဲလိုမဟုတ်တဲ့ ကျန်တဲ့လူနာတွေအတွက်တော့ အကုန်လုံးကို ပိတ်ထားပါတယ်။

မေး။ ။ ဟုတ်ကဲ့ နောက်ထပ်ရော ဘာစိန်ခေါ်မှုတွေ ရှိသေးသလဲ။

ဖြေ။ ။ လူနာတွေကလည်း မလာကြပါဘူး။ သူတို့ကိုယ်တိုင်က ကျနော်တို့ လုပ်တဲ့ တိုင်းပြည်မှာ ဖြစ်နေတာတွေ သူတို့ အကုန်သိတယ်။ ဒီမှာရှိတဲ့ အခက်အခဲကိုလည်း သူတို့ နားလည်တယ်။ သူတို့ကလည်း အတင်းအကျပ်ကြီး ဆေးရုံကို မလာပါဘူး။ အဲဒီအခါကျတော့ OPD က ဖွင့်ဖို့ ကြိုးစားသော်လည်း အခုအထိတော့ လူနာတွေ လာပြီးတော့ ကုနေတာတော့ မရှိပါဘူး။ လွယ်တော့ မလွယ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ OPD ကြည့်တယ်ဆိုရင်တောင်မှ လူနာတိုင်းက ဒီဆေးလေးသောက်ဆိုပြီးတော့ အိမ်ပြန်လွှတ်လို့ရတာမျိုး ကိုသာ အပြင်မှာ ဆေးခန်းထိုင်သလိုလေ အဲလိုမျိုးသာ ကုလို့ရမယ်။ အတွင်းလူနာအနေနဲ့ ကုရမယ့်ဟာတွေတော့ OPD နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကျနော်တို့ ဆရာဝန်ကြီးပဲ ကုလို့ရတာမဟုတ်ဘူး ၊ အခုလိုဆိုရင် Professor ထိပ်ဆုံးပိုင်း ဆရာဝန်အကြီးတွေက ကုတယ်ဆိုပေမယ့်လည်း အဲဒီဆရာဝန်တွေက Ward ထဲမှာ နေရောညရော နေပြီးတော့ ဆေးထိုးဆေးတိုက်လုပ်နိုင်တာမဟုတ်ဘူး ၊ နောက်မှာ ဆရာဝန်အငယ်တွေလိုတယ်၊ အဲဒီနောက်မှာ ဆရာမတွေလိုတယ်။ အဲဒီနောက်မှာ အောက်ခြေ ကျန်းမာရေးဝန်ထမ်းလုပ်သားတွေလိုတယ်။ ခုနလို အပေါ်ယံလေးနဲ့ ဟန်ပြဖွင့်တာလောက်တော့ အရင်လို ဆေးရုံကြီး ပြန်လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ ဟုတ်ကဲ့ အခုနောက်ဆုံးဒီ ဖွင့်ထားနိုင်တဲ့ အနေအထားက ပြင်ပလူနာဌာနအပြင်ပေါ့နော် ခုန ဆရာပြောတဲ့ ကင်ဆာလူနာတွေအတွက်ရော ဘယ်လိုမျိုး ကုသပေးနေတဲ့ အနေအထားတွေရှိသလဲ။

ဖြေ။ ။ အဲဒီလူနာတွေကတော့ အရင်ကတည်းကလည်း ကျနော်တို့ဆီမှာ နေ့တိုင်းဆေးလာလာသွင်းတာကို၊ အရင် COVID တုန်းက ကုတဲ့ tent မှာထိုင်ပြီးတော့ သူတို့အတွက် ၁ နေ့စာ ဆေးလေးတွေ ပေးပြီးကုပေးပြီး နောက်နေ့ကျရင်ပြန်လာ အဲလိုမျိုးနဲ့ မနက် ၁၀ နာရီကနေ နေ့ခင်း ၂ နာရီ အတွင်းမှာ ကုပေးတယ်လို့ သိရပါတယ်။ ကျန်တဲ့ Ward တွေက လူနာတွေကတော့ မရှိဘူးလို့ သိရပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဒီ ထိခိုက်ဒဏ်ရာရလူနာတွေ ကုသမှုအပိုင်းရော။

ဖြေ။ ။ အဲဒါကျတော့ ဥပမာဆိုပါတော့ ရန်ကုန်မြို့တနေရာမှာ ရပ်ကွက်တခုမှာ လူနာတွေ အစုလိုက်သေနတ်ဒဏ်ရာတွေ အများကြီးရတယ်ဆိုရင် ကျနေ်ာတို့ အဲဒါတွေကို တခြားလည်း လွှတ်လို့မရဘူး။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့နေရာတွေမှာ သွေးကြောထိလို့ သွေးကြော surgeon နဲ့ခွဲရမယ့်ဟာတွေရှိတယ်။ ဦးနှောက်ထိလို့ ဦးနှောက်အာရုဏ်ကြောဆရာဝန်နဲ့ ခွဲရမယ့် လူနာတွေရှိတယ်။ အထူးကု ခွဲစိတ်ဆရာဝန်ကြီးတွေ ကုရမယ့် ကိစ္စတွေရှိတယ်။ အဲဒါတွေကျတော့ ဘယ်မှ လုပ်လို့မရဘူး ၊ ဘယ်မှာမှလည်း ခွဲလို့မရဘူး ။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာအတွက်ဆိုရင် အရိုးဆရာဝန်တွေ အများဆုံးကုကြတာပေါ့နော် ခြေတွေ လက်တွေထိတယ်ဆိုရင် သူတို့ပဲ ဆိုင်တာကို။ အဲဒီလူနာတွေအတွက်က အဲဒီရက်တွေမှာ IPD မဟုတ်ပေမယ့်လည်း အရေးပေါ် ဖွင့်ပေးပြီးတော့ မြန်မြန်ကုပေးပြီးတော့ မြန်မြန်ပြီးဆင်းအောင် လုပ်ပေးလိုက်တယ်ပေါ့နော် အဲလောက်ပါပဲ ဆေးရုံ ပြန်ဖွင့်တယ်ဆိုတဲ့ သဘောမဟုတ်ပေမယ့် ဒီလူနာတွေကို ကျနော်တို့က ဒီအတိုင်းပြန်လွှတ်လိုက်ရင်သေသွားမယ့်ဟာတွေမို့လို့ ကျနေ်ာတို့ အဲဒါကျတော့ ကုပေးပါတယ်။

မေး။ ။ ဟုတ်ကဲ့ အခုလို လုပ်ဆောင်နေရင်းနဲ့ ဒီ CDM ဆရာဝန်တချို့လည်း အဖမ်းခံလိုက်ရပြီးတော့ နောက် စာရင်းတွေ စဖမ်းဖို့အတွက် ၀ရမ်းထုတ်ထားတာတွေ တွေ့ရပါတယ်။ ဒါတွေကရော ဘာကြောင့်အခုလိုဖြစ်လာတယ်ထင်သလဲ။

ဖြေ။ ။ အဓိကတော့ သူတို့ပေးချင်တာက အကြောက်တရားလို့ ထင်တယ်။ လူတွေကြောက်လန့်သွားပြီးတော့ ငါ့ကို ဖမ်းပြီလား ငါ့ကို အလုပ်ဖြုတ်တော့မှာပဲ အဲလိုမျိုးနဲ့ သူတို့က အလုပ်ပြန်ဆင်းအောင်လုပ်တယ်ပေါ့နော်။ သူတို့က အဲလိုလိုက်ဖမ်းရုံတင်မဟုတ်ဘူး ဒီဆရာဝန်တွေက အပြင်မှာ ထွက်ပြီးတော့ ကုနေပါတယ်။ တကယ်တမ်းကျတော့ အပြင်မှာထွက်ကုတယ်ဆိုတာက ဒီဆရာဝန်တွေက အခမဲ့ကုတယ် ပိုက်ဆံနဲ့ ကုတာမဟုတ်ဘူး။ လူနာတွေ ဆေးရုံမလာနိုင်ဘူး အပြင်မှာ ဆေးကုပေးတယ်။ အဲဒီလို ကုပေးနေတာတွေက အခုကျတော့ အပြင်မှာ ဆေးခန်းမှာ လိုက်ဖမ်းတယ်ဆိုရင် သူတို့ရော ဘယ်လိုဆက်ကုမလဲ ။ နောက်တခါ Emergency ဌာနမှာ လာပြီးတော့ ကုတယ်ဆိုရင် ကုတဲ့ဆရာဝန်တွေက Emergency ဌာနအထွက်မှာ လာပြီးတော့ ဖမ်းနေတယ် ၊ အဲဒီတော့ Emergency ဌာနမှာ လာပြီးတော့ ကုတဲ့ ဆရာဝန်တွေက ဘယ်လိုလုပ်ပြီးတော့ ဆေးကုဖို့ ဖြစ်တော့မလဲ ဆိုတော့ ကျန်းမာရေး ယန္တရားရပ်သွားတယ်ဆိုတာက သူတို့ အဲလို လုပ်လိုက်ခြင်းအားဖြင့် ပိုပြီးတော့ ဘာပဲပြောပြော CDM ဆိုပေမယ့် လူနာတွေအတွက် လာလုပ်နေတဲ့ ဆရာဝန်တွေပါ ဆေးရုံကို လာလို့မရအောင် လုပ်လိုက်သလိုဖြစ်သွားတယ်။ ဆရာဝန်တွေအားလုံးက ၀ရမ်းပြေးလို နေရတာပေါ့နော် CDM က ပိုဆိုးသွားဖို့ပဲရှိတယ်လို့ ထင်ပါတယ်။ 


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-yangon-hospital-/5855343.html

ရန်ကုန်ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ဖို့ အခက်ကြုံ ရန်ကုန်ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ဖို့ အခက်ကြုံ Reviewed by THITHTOOLWIN on 21:22 Rating: 5

No comments:

Powered by Blogger.