ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ကြိုးစားနေ



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲချက်အမျိုးမျိုးနဲ့ တစ်မှုပြီးတစ်မှု ထပ်တိုးတရားစွဲလာတာ အခုဆိုရင် အမှုပေါင်း ၆ မှု ရှိသွားပါပြီ။ ဒီလို ထောင်ဒဏ်နှစ်ရှည်ကျနိုင်တဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုနေတာဟာ မြန်မာ့နိုင်ငံရေးကနေ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးအပိုင် ဖယ်ရှားဖို့ အာဏာသိမ်းစစ်ကောင်စီက ကြိုးစားနေတာလို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

"သူတို့စွဲထားတဲ့ ပုဒ်မတွေအားလုံး ပေါင်းလိုက်ရင် အနှစ် ၂၀ လောက် ဖြစ်သွားမှာပေါ့ဗျာ၊ ဒါပေမဲ့ စစ်တပ်က အခြေခိုင်လာပြီဆိုရင်တော့ ဗိုလ်ချုပ်သမီးမို့လို့ ကျနော်တို့ လျှော့ပေးလိုက်ပြီးတော့ လွှတ်ပေးလိုက်ပြီ၊ ဒါပေမဲ့လို့ နိုင်ငံရေးမှာတော့ ပါဝင်လို့မရဘူး ဆိုတဲ့နည်းနဲ့ နိဂုံးချုပ်ခိုင်းမှာပေါ့ဗျာ"

စစ်တပ် အာဏာသိမ်းလိုက်ကတည်းက မြန်မာနိုင်ငံမှာ မျှတတဲ့ တရားစီရင်ရေး မရှိတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို စစ်တပ်က လိုသလို စီရင်နိုင်တယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။

"တရားသူကြီးချုပ်ကလည်း စစ်ဗိုလ်ဗျာ၊ ရှေ့နေချုပ်ကလည်း သူတို့ခန့်လိုက်တဲ့ ရွှေကြာပင်ပဲ၊ မြန်မာပြည်မှာဥပဒေက မရှိတော့ဘူးပေါ့ဗျာ။ အဲ့ဒီတော့ တရွာလုံးနဲ့တစ်ယောက် ဖြစ်နေတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်သမီးဖြစ်တယ်၊ ဗိုလ်ချုပ်သမီးက ဘာမှမဟုတ်တာ မလုပ်ဘူး၊ ဒါတော့ သေချာတယ်"

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ … လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင်ကြံရွယ်မှုနဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့ ဖြစ်ပါတယ်။

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာ ထောင်ဒဏ်ဆယ့်လေးနှစ်ထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ နောက်ထပ်တစ်မှုကတော့ ရွေးကောက်ပွဲကာလမှာ လူစုလူဝေးလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ တရားလိုနှစ်ယောက်က တရားစွဲတာဖြစ်ပြီး ကျန်တဲ့အမှု ၄ ခုအတွက် ပုဒ်မအမျိုးမျိုးနဲ့ တရားလိုတစ်ယောက်စီက တရားစွဲထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရုံသာမက စစ်တပ်အသိုင်းအဝိုင်းတချို့ရဲ့ ထောက်ခံမှုကိုပါ ရလာနေတာကြောင့် နိုင်ငံရေးအရ နှိပ်ကွပ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရည်ရွယ်ချက်ရှိနေတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

"ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီကို အပြီးအပိုင်ချေမှုန်းဖို့ဆိုတာ ရည်ရွယ်ချက်ရှိပြီးသား။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ သူဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးရထားတယ်၊ သူတို့ပိုကြောက်တာက စစ်တပ်ထဲကလည်း ထောက်ခံသူတွေ ရှိသင့်သလောက်ရှိတယ်၊ ဆိုတော့ အဲ့ဒါတွေပါ ရှင်းလင်းပစ်ဖို့အတွက် မခိုင်မာတဲ့ပုဒ်မတွေ တပ်ပြီး အမျိုးမျိုးလုပ်နေတယ်"

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက် တပ်တွင်းထောက်ခံမှုတွေ ပြန်ရနိုင်ဖို့ စစ်တပ်ကထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတွေကနေပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မမှန်မကန် သတင်းတွေကို လိမ်လည် ဝါဒဖြန့်နေတယ်လို့လည်း ဦးစည်သူအောင်မြင့်က ပြောပါတယ်။

"ပထမတုန်းက မဲမသမာတဲ့ စာရင်းတွေကြောင့်ပဲ အာဏာသိမ်းရသလိုလို ပြောနေတဲ့ စစ်ခေါင်းဆောင်၊ အခုနောက်ပိုင်းကျတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အဂတိလိုက်စားမှုတွေ အများကြီးရှိတယ်၊ ဒါတင်မကတော့ဘူး ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံက ဂျော့ဆိုးရော့စ် တို့လိုဆီကနေ ပေးတဲ့ငွေတွေ အသုံးပြုပြီး တိုင်းပြည်ကို အနောက်သြဇာခံဖြစ်အောင် လုပ်နေတယ်၊ ဘာသာသာသနာကို ပျက်အောင်လုပ်နေတယ် ဆိုပြီးတော့ မဟုတ်မမှန် ဝါဒဖြန့်တာတွေ လုပ်ပြီးတော့မှ တပ်ထဲမှာ သူ့ကို ထောက်ခံမှုရအောင်၊ အာဏာသိမ်းတာကို လက်ခံလာအောင် လိမ်လည်ပြီးတော့မှ လုပ်လာနေတာတွေ တွေ့ရတယ်"

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ ဒီနေ့ ဧပြီလ ၁၅ ရက်နေ့ဆိုရင် ၇၄ ရက်တိတိ ရှိသွားပြီဖြစ်ပေမယ့် သူ့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားသလဲ ဆိုတာကို အခုအချိန်ထိ တရားဝင် ပြောဆိုတာ မရှိသေးပါဘူး။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြုလုပ်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာပဲ 'ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း၊ သူဌေးမောင်ဝိတ်တို့ဆီကနေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ လာဘ်စားရယူခဲ့တယ်' ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြောဆိုလာပါတယ်။ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မှာ ကျနော်နဲ့ မတူတာတွေ အများကြီးရှိသော်လည်း ကျနော်သူ့ကို ယုံကြည်တာ သူ့ရဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျိုးစွန့်မှုကို ကျနော်ယုံကြည်တယ်၊ အခုစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ပဲမြင်တယ်၊ သူတို့ အထောက်အထားရှိပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျနော်က မယုံဘူး၊ နှစ်ယောက်လုံးကို မယုံဘူး"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေအဖွဲ့မှာ ရှေ့နေ ရှစ်ဦးပါဝင်ပါတယ်။ အဲ့ဒီထဲက ဂျူနီယာရှေ့နေ နှစ်ဦးကိုပဲ ပထမပိုင်းမှာ ရှေ့နေလိုက်ခွင့်ပြုခဲ့ပေမယ့် ဧပြီ ၁၂ ရက်နေ့က နောက်ဆုံးအကြိမ် ရုံးချိန်းမှာတော့ အမှုလိုက်အဖွဲ့ထဲက နောက်ထပ် ရှေ့နေ ၄ ဦး ပါဝါတင်ခွင့်ရခဲ့ပါတယ်။

အဲ့ဒီထဲက ရှေ့နေ ဒေါ်မင်းမင်းစိုးတစ်ဦးပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတဆင့် သုံးကြိမ် ဆုံထားပါတယ်။ ရှေ့နေတွေကရော ဒေါ်အောင်ဆန်းစုကြည်ကပါ လူချင်းတွေ့နိုင်ဖို့ စီစဉ်ပေးဖို့ တရားရုံးကို တင်ပြထားပေမယ့် တရားလို စစ်ကောင်စီဘက်က ဘာမှအကြောင်းမပြန်သေးပါဘူး။ အမှုလိုက်ရှေ့နေ ဒေါ်မင်းမင်းစိုးက "စွဲထားတဲ့ စွဲဆိုချက်တွေ အားလုံးအပေါ်မှာ ကျမတို့ဘက်က ဥပဒေကြောင်းနဲ့ အညီ စွဲထားတဲ့ပုဒ်မတွေ အကုန်လုံးကို ခုခံချေပသွားဖို့ ကျမတို့ရှိပါတယ်"လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်လိုက်ကစလို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတာ ဒီနေ့ဆိုရင် ၇၄ ရက်တိတိရှိပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို လွှတ်ပေးဖို့၊ ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ မြန်မာ ပြည်သူလူထုတရပ်လုံးကရော နိုင်င့တကာ အသိုင်းအဝိုင်းကပါ ပြင်းပြင်းထန်ထန် တောင်းဆိုနေချိန်မှာပဲ စစ်ကောင်စီဘက်ကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေ တစ်မှုပြီး တစ်မှုတိုးပြီး တရားစွဲဆိုလာနေတာဖြစ်ပါတယ်။

RFA Burmese



ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ကြိုးစားနေ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ရှားဖို့ စစ်ကောင်စီ ကြိုးစားနေ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.