စစ်ကောင်စီတပ် ပစ်ခတ်လို့ သေဆုံးသူ ရှစ်ဦး ထပ်တိုးလာ



ဒီနေ့ မဟာသင်္ကြန်အကြတ်နေ့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူသေဆုံးမှု ရှိခဲ့ပြီး၊ ဧပြီလ ၁၄ ရက် နေ့လည်ပိုင်းကနေ ဧပြီလ ၁၅ ရက် မွန်းလွဲပိုင်းထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ရှစ်ဦး ရှိသွားပြီဖြစ်သလို သုံးဆယ်ကျော်လောက် အဖမ်းခံခဲ့ရပါတယ်။

မုံရှာမြို့က ပင်မသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို စစ်ကောင်စီက ဒီနေ့ ကားနဲ့တိုက်ပြီး ရိုက်နှက် ဖမ်းဆီးသွားပါတယ်။

မြို့နယ်တော်တော်များများမှာ တော်လှန်သင်္ကြန်ကို ဆက်လက်လုပ်ဆောင်နေကြသလို လက်သုံးချောင်း ထောင်ပြီး ကားဟွန်းတီးသပိတ်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့၊ ၇၄ လမ်း၊၃၇ လမ်းနဲ့ ၃၈ လမ်းကြားက ဆူးလေဗလီဝင်းထဲကို ဧပြီလ ၁၅ ရက် ဒီနေ့ မနက် ၁၁ နာရီလောက် အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ရဲတွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တစ်ယောက် သေဆုံးခဲ့ပြီး နှစ်ယောက်ဒဏ်ရာရခဲ့ပါတယ်။

ဆန္ဒပြတာလည်းမရှိဘဲ စစ်ကားလာရောက်တဲ့အချိန်မှာ ကြောက်လို့ဗလီဝန်းထဲ ဝင်ပြေးကြသူတွေကို အထဲထိလိုက်ပစ်တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

သေနတ်ကျည်ဆံ ထိမှန်သေဆုံးသူဟာ နောက်ကနေပစ်ခံလိုက်ရတာကြောင့် ညာဘက်ရင်ဘတ်ထိ သေဆုံးတာဖြစ်တယ်လို့ လူမှုကူညီရေးလုပ်ဆောင်ပေးနေသူတစ်ယောက်က ပြောပါတယ်။ သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း စစ်ကောင်စီတပ်တွေဟာ ဗလီဝင်းအတွင်း ဝင်ရောက်ပစ်ခတ်တာနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

မုံရွာမြို့က ပင်မသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ဒီနေ့ နေ့လယ်က စစ်ကောင်စီရဲ့ တပ်က ကားနဲ့တိုက်ပြီး ရိုက်နက်ဖမ်းဆီးသွားပါတယ်။ ပင်မသပိတ် စတင်ထွက်ခွာတဲ့ သာစည်လမ်းနဲ့ ယင်းမာမြိုင် လမ်းထိပ်အနီး မြို့မရွှေကူဘုန်းကြီးကျောင်းနားမှာ ဒီနေ့ နေ့လယ် ၁ တစ်နာရီကျော်ခန့် ဖမ်းသွားခဲ့တာပါ။

ကိုဝေမိုးနိုင်က ညနေဆိုင်ကယ်သပိတ်အတွက် ဆိုင်ကယ်နဲ့ထွက်လာချိန် အိမ်စီးကားနဲ့တိုက်ပြီး ကားပေါ်က လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်တွေဆင်းလာပြီး ရိုက်နှက်ဖမ်းဆိးသွားတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။

ကိုဝေမိုးနိုင်နဲ့အတူ ထွက်လာကြတဲ့ အခြားမော်တော်ဆိုင်ကယ် ခြောက်စီးလောက်ကတော့ လွတ်မြောက်သွား တယ်လို့ ဆိုပါတယ်။

ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေးအတွက် မုံရွာမြို့မှာ နေ့စဉ်ဦးဆောင်ပြီး ဆန္ဒပြနေ သူလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးရှေ့မှာရှိတဲ့ စိန်ရတနာရုပ်ရှင်ရုံဟာ ဧပြီ ၁၅ ရက်၊ ဒီနေ့ မနက်ပိုင်းမှာ မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ ဈေးရှေ့မှာဖြစ်တာကြောင့် ရုပ်ရှင်ရုံနဲ့ကပ်ရပ်ဖြစ်တဲ့ ညဈေးအတွင်းက ဈေးဆိုင်အချို့လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတစ်ယောက်က RFA ကိုပြောပါတယ်။

ဘယ်ကနေမီးစလောင်လဲဆိုတော့ မသိရသေးပါဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကြည့်မြင်တိုင်က မျက်မမြင် ကျောင်းရှေ့မှာရပ်ထားတဲ့ YBS ၈၉ ကားငါးစီး မီးလောင်ခဲ့ပါသေးတယ်။

မန္တလေးတိုင်း မြစ်ငယ်မြို့မှာလည်း မနေ့ကညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားငါးယောက် သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ဒေသခံ အယောက် ၃၀ လောက် ဖမ်းဆီးခံခဲ့ရတယ် လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မြစ်ငယ်မြို့ သပိတ်ခေါင်းဆောင်တစ်ယောက် ပုန်းရှောင်နေတဲ့ ရွာသစ်ကျောင်းကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ရာကနေ စတင်ပြီး တစ်မြို့လုံးနီးပါးကို ရပ်ကွက်လမ်းတွေထဲအထိ လိုက်ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက ရန်ကင်းရပ်ကွက်မှာနေတဲ့အသက် ၄၆ နှစ်အရွယ် ကိုဇော်၊ အသက် ၃၀ အရွယ် ပန်းရံသမား ကိုအောင်ချစ်သူ၊ သာယာအေးရပ်ကွက်က နှစ်ယောက်နဲ့ နောက်ထပ်တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး။

လက်ရှိမှာ တစ်နိုင်ငံလုံးနည်းတူ မြစ်ငယ်မြို့မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်ဖို့ ခက်နေပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာလည်း ဧပြီလ ၁၄ ရက် မနေ့နေ့လယ်ကနေ ည ၇ နာရီအချိန်ထိ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် တစ်ယောက် သေဆုံးခဲ့သလို မတ်လ ၂၈ ရက်နေ့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရနေသူ တစ်ယောက်လည်း ထပ်မံကျဆုံးသွားပါတယ်။

မနေ့ နေ့လယ်ပိုင်းပစ်ခတ်မှုမှာ သေဆုံးသွားသူက မြင်းခြံမြို့ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ အသက် ၂၃ နှစ်အရွယ် ကိုကျော်ရဲနိုင်ဖြစ်ပြီး ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံက RFA ကိုပြောပါတယ်။

"ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာ လူငယ်တစ်ယာက်ကို ဖမ်းတယ်၊ ဖမ်းလို့မရတာနဲ့ သေနတ်နဲ့ ပစ်ဖမ်း တာ၊ ပစ်ပြီးတော့ မသေမရှင်ဖြစ်နေတဲ့သူကို နောက်ပြန်ကြိုးတုပ်ပြီး ထောင်ကြီးရှေ့ကို ဆွဲခေါ်သွားပြီး နှိပ်စက်သတ်ဖြတ်လိုက်တာ၊ အခုထိအလောင်းမရသေးဘူး" လို့ လုံခြုံရေးအရ အမည်မဖော်ပြလိုတဲ့ ဒေသခံက ဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့က ပစ်ခတ်ခံရပြီး မနေ့ကသေဆုံးသွားသူကတော့ အသက် ၂၅ နှစ်အရွယ် ကိုပြည့်ဖြိုးအောင် (ခေါ်) ကိုတရုတ်ကြီးဖြစ်ပြီး သူကတော့ ဆီးခုံကိုကျည်ထိမှန်ထားတာပါ။

မနေ့ကပစ်သတ်ခံရတာကို မကျေနပ်လို့ ရပ်ကွက်နေပြည်သူတွေဟာ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက် ခံတပ် ထဲကနေ ဆန္ဒဆက်ပြနေကြကိုလည်း စစ်ကောင်စီဘက်က လှမ်းပစ်တာတွေရှိခဲ့ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်လို့ တစ်နိုင်ငံလုံးမှာ သေဆုံးရသူ ၇၂၀ ကျော်ရှိပြီဖြစ်ပြီးတော့ မြင်းခြံမှာ ၂၄ ယောက် ရှိသွားပါပြီ။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဓားထိုးမှု့ဖြစ်လို့ ဒဏ်ရာရသူကို သွားရောက်ကယ်ဆယ်ပေးတဲ့ နိမ္ဗာန်သုခ လူမှုကူညီရေးအသင်းကားနဲ့အတူ အသင်းသား သုံးယောက် ဧပြီလ ၁၄ ရက် မနေ့ည ၁၀ နာရီ ကျော်က ၄၁ လမ်း စိန်ပန်းရပ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။

နန်းတွင်းမှာ ဖမ်းဆီးထားတယ်ပြောတယ်၊ အသင်းကတော့ လိုက်ထုတ်ပေးဖို့ ကြိုးစားနေတယ်လို့ ပရဟိတအသင်းသား တစ်ယောက်က RFA ကို ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူမှုကူညီရေးအသင်းကားတွေကိုလည်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို မန္တလေးမြို့မှာ ဒီကနေ့အထိ ပရဟိတလုပ်ဆောင်နေသူ ဆယ်ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင် အလိုမရှိကြောင်း သံချပ်နဲ့ ဆန္ဒပြဖို့ပြင်ဆင်နေတဲ့ ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို ဧပြီလ ၁၅ ရက် ဒီနေ့မနက် ၉ နာရီကျော်က ၇၆ လမ်း ၃၄ လမ်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြိုခွဲခဲ့ပါတယ်။

အခုလို ဖြိုခွင်းခဲ့တာကြောင် သူနာပြုဆရာမတစ်ယောက်နဲ့ ဆေးဝါးကျွမ်းကျင်က တစ်ယောက် ဖမ်းဆီးခံလိုက်ရပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူစာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတာဖြစ်ပြီး သံချပ် နှစ်ခေါက်လောက်ပဲထိုးပြီးချိန်မှာ စစ်သားတွေ အင်အား အလုံး အရင်းနဲ့ ဝင်ဖြိုခွင်းခဲ့တာလို့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ကျန်းမာရေးမိသားစုဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် အရုဏ်ဦးသပိတ်၊ နေ့လယ်သပိတ်၊ ညနေ ဆည်းဆာသပိတ် ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင် ဆန္ဒပြနေတာပါ။

အခုလ ၆ ရက်နေ့ကလည်း ကျန်းမာရေးမိသားစုအရုဏ်ဦး သပိတ်ဖြိုခွင်းခံခဲ့ရပြီး ကလေးအထူးကုဆရာဝန် နှစ်ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သံချပ်သပိတ်ကို ဧပြီ ၁၅ရက် ဒီနေ့မှာ ပြုလုပ် ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရပ်ကွက်အလိုက် သပိတ်စစ်ကြောင်းတွေခွဲပြီးတော့ CDM ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် လက်ခုပ်တီးတာ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် အလေးပြုတာနဲ့ သံချပ်ထိုးတာတွေ ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

ကလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတွေက အဓိကလမ်းမကြီးတွေနဲ့ လမ်းသွယ်တွေမှာ သွားလာနေတဲ့ ပြည်သူတွေကို တားဆီးပြီးတော့ ဆိုင်ကယ်တွေနဲ့ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ထဲက ပတ်လည်ကြီး၊ ပျဉ်းချောင်း၊ စည်သာကြီး စတဲ့ကျေးရွာတွေက ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ဆိုပြီး စစ်သား ၂၀၀ ကျော် ဧပြီလ ၁၁ ရက်နေ့ကစလို့ ရွာတွေမှာ တပ်လာစွဲ ထားတဲ့အတွက် ဒေသခံရွာသား တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အမည်မဖေါ်လိုတဲ့ ကျေးရွာသားတစ်ယောက်က ပြောပါတယ်။

အခုအခါ စစ်သားတွေက တောတွေထဲမှာ ရှောင်ပုန်းနေတဲ့ ရွာသားတွေကို ရွာထဲပြန်ဝင်ခိုင်းပြီး မဝင်ရင် တပ်ဖြန့်ပြီး ဖမ်းမယ်၊ ပစ်မိန့်ပေးထားတယ်လို့လည်း အဲဒီဒေသခံက RFA ကို ပြောပါတယ်။

အခုလို စစ်သားတွေ မရောက်လာခင်က တောင်တွင်းကြီးမြို့နယ် ပတ်လည်ကြီး၊ ပျဉ်းချောင်းနဲ့ စည်ပင် ရွာသုံးရွာမှာ ကိုယ့်ရွာအလိုက် အာဏာရှင်ဖီဆန်ရေး ဆန္ဒပြမှုတွေ ရှိခဲ့ပြီး၊ အခုအခါ ရွာခံတချို့ရဲ့ သတင်း ပေးချက်အရ ဖမ်းဆီးမယ့် လူစာရင်းအတိအကျနဲ့ ရွာတွေကို လာရောက်ပိတ်ဆို့ထားတာလို့ သူက ဆိုပါတယ်။

တစ်နိုင်ငံလုံးက မြို့နယ်တွေတော်တော်များများမှာလည်း မြန်မာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ဒီနေ့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ လက်သုံးချောင်းထောင်တာ၊ ကားဟွန်းတီး တာတွေပြုလုပ်တာ အပါအဝင် မုန့်လုံးရေပေါ်သပိတ်၊ အတာအိုးသပိတ် စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။

RFA Burmese



စစ်ကောင်စီတပ် ပစ်ခတ်လို့ သေဆုံးသူ ရှစ်ဦး ထပ်တိုးလာ စစ်ကောင်စီတပ် ပစ်ခတ်လို့ သေဆုံးသူ ရှစ်ဦး ထပ်တိုးလာ Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.