ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု

အိန္ဒိယကနေ ဝယ်ယူထားတဲ့ ရုရှားလုပ်ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ

ဘင်္ဂလားပင်လယ်အော် ထဲမှာ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် La Perouse အမည်ရှိ Quad ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှု မစတင်မီမှာဘဲ မြန်မာနိုင်ငံက ရခိုင်ကမ်းလွန်မှာ ရေတပ်လေ့ကျင့်ရေးလုပ်မယ်လို့ကြေညာပြီး ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ရုတ်တရက် စတင်လိုက်ပါတယ်။

တပ်မတော်ရေက စစ်ရေယာဉ်တွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဒီနေ့ ဧပြီလ ၄ ရက်ကနေ ၁၁ ရက်အထိ စစ်ရေးလေ့ကျင့်မှာဖြစ်လို့ လေ့ကျင့်ခန်းဧရိယာ ၃ ခုအတွက် ရေကြောင်းနဲ့ လေကြောင်း သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

စစ်နည်းဗျူဟာအဆင့် ရေပြင်နဲ့ရေအောက် စစ်ဆင်မှုသာမက ဝေဟင်လေ့ကျင့်မှုမှာ ပါမယ့်အပြင် ပစ်ခတ် လေ့ကျင့်တာတွေလည်း ပါမယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ပါတဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့သည့်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း

အခု စစ်ရေးလေ့ကျင်မှုဟာ ရခိုင်ကမ်းလွန်မှာ လေ့ကျင့်မှာဖြစ်ပြီးတော့ ကျည်စစ်ကျည်မှန်တွေ သုံးမှာဖြစ်သလို မြန်မာနိုင်ငံက ပထမဆုံးရေငုပ်သ‌င်္ဘော မင်းရဲသိင်္ခသူလည်း ပါဝင်ဖို့ရှိတယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ဘီဘီစီကို ပြောပါတယ်။

ပြင်သစ်ဦးဆောင်တဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းပြုလုပ်မယ့် Quad စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်တာလည်းဖြစ်ပါတယ်။

ဒေသအတွင်း တရုတ်နိုင်ငံရဲ့ အင်အားတိုးချဲ့မှုကို တန်ပြန်တဲ့သဘောနဲ့ Quad မိတ်ဖက်နိုင်ငံတွေ ပူးပေါင်းကာ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ လည်းဒေါက်တာနိုင်ဆွေဦးကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုဟာ ရခိုင်ကမ်းခြေအလွန်မှာ လုပ်တာဖြစ်ပြီးတော့ နှစ်တိုင်းလေ့ကျင့်လေ့ရှိတဲ့ လေ့ကျင့်ခန်းဖြစ်ကြောင်း နိုင်ငံတစ်နိုင်ငံ အနေနဲ့ အမြဲသတိရှိနေတဲ့သဘော ကြိုတင် ပြင်ဆင်မှုလုပ်တယ်လို့ ထင်မြင်ကြောင်းလည်း သူကပြောပါတယ်။

ပြင်သစ်ဦးဆောင်တဲ့ Quadစစ်ရေးလေ့ကျင့်မှုကတော့ ဧပြီ ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်မယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်တယ်ဆိုတာ အမှန်ကတော့ အင်အားပြကြတာဖြစ်ပြီးတော့ ပြင်သစ်နဲ့အ‌မေရိကန် သင်္ဘောတွေဝင်လာတာဟာ တရုတ်ကိုအင်အားပြတယ်ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ နဲ့လည်း သက်ဆိုင်တယ်လို့ ယူဆကြောင်းမြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မြန်မာစစ်အင်အားနဲ့ ဒီနိုင်ငံတွေရဲ့စစ်အင်အားက အဆမတန်ကွာပေမဲ့ မြန်မာစစ်တပ်က စစ်စိတ် စစ်မာန်ရှိတယ်ဆိုတာ ပြန်ပြတဲ့ သဘောလို့လည်း သူကသုံးသပ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲကို နိုင်ငံတကာက စစ်သင်္ဘာအုပ်စုကြီးရောက်လာတဲ့ အခြေအနေကတော့ မြန်မာနိုင်ငံအ‌ရေးနဲ့ တရုတ်အင်အားချဲ့မှုတွေကို တန်ပြန်အင်အားပြတဲ့ အခြေအနေဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တရုတ်ကို အင်အားပြတယ်ဆိုပေမဲ့ တရုတ်ရဲ့ ဘင်္ဂလားပင်လယ်အော်ထွက်ပေါက် မြန်မာနိုင်ငံကိုလည်းရိုတ်ခတ်မှု ရှိတယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ဘီဘီစီကို ပြောပါတယ်။

အခုဘင်္ဂလားပင်လယ်အော်ထဲမှာ စစ်ရေးလေ့ကျင့်တဲ့နိုင်ငံတွေထဲက အချို့နိုင်ငံတွေဟာ တရုတ်နဲ့ဆက်ဆံရေးတင်းမာနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နှစ်စဥ်အခုလို စစ်ရေးလေ့ကျင်မှုတွေ လုပ်လေ့ရှိတယ်ဆိုပေမဲ့ အခုတစ်ကြိမ်ကတော့ ရွှေးကောက်ခံခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းထားချိန်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန့်မာအရေးကို တင်ပြဆွေးနွေးမှုတွေရှိနေချိန်မှာ မြန့်မာရေပိုင်နက်နဲ့ ရေပြင်ထိစပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ အခုလို အင်အားကြီးရေတပ်တွေစစ်ရေးလေ့ကျင်မှုတွေလုပ်ချိန်နဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်၊

မြန်မာဘက်ကတော့ စစ်နည်းဗျူဟာအဆင့် ရေပြင်နဲ့ရေအောက် စစ်ဆင်မှုသာမက ဝေဟင်လေ့ကျင့်မှုမှာပါမယ့်အပြင် ပစ်ခတ်လေ့ကျင့်တာတွေလည်းပါမယ်လို့ နိုင်ငံပိုင်သတင်းစာမှာပါတဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် လေ့ကျင့်ခန်း ဆောက်ရွက်နေစဉ်ကာလမှာ ဘေးအန္တရာယ်ကင်းဖို့ အဲဒီသတ်မှတ်ဧရိယာတွေရဲ့ ၁၅ မိုင်ပတ်လည်မှာ သင်္ဘောကြီးငယ်၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္ဗန်တွေ ဖြတ်သွားတာ၊ ကျောက်ချရပ်တာ၊ ငါးဖမ်းထား၊ ငါးဖမ်းကိရိယာတွေလည်း ချထားတာမျိုး မရှိဖို့ ကြေညာထားပါတယ်။

ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေလည်း ပေပေါင်း ၁၅၀၀၀ နေ ဖြတ်ကျော် ပျံသန်းတာမလုပ်ဖို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ရခိုင်ကမ်းလွန်မှာ ပြီးခဲ့တဲ့ ၂၀၀၈ ဘင်္ဂလားဒေရှ်နဲ့ရေပိုင်နက်ပြဿနာ ဖြစ်တုန်းကလည်း အခုလိုစစ်ရေးလေ့ကျင့်မှုတွေရှိခဲ့ပြီး အခုဟာကလည်း တစ်ဖက်က ကျူးကျော်လာမှာမဟုတ်ပေမဲ့ ကြိုတင် ပြင်ဆင်တဲ့ သ‌ဘောဖြစ်တယ်လို့ ဒေါက်တာနိုင်ဆွေဦးကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56632316

ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု  ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.